စပိန်အသင်းနှင့် စကော့တလန်အသင်းတို့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ပြီ

အောက်တိုဘာ ၁၇

       ယူရို၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲစဉ်ရဲ့ အုပ်စုအဆင့်ပွဲစဉ်(၆)မှာ စပိန်အသင်းက နော်ဝေအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စု(A)မှ စပိန်အသင်းနဲ့ စကော့တလန်အသင်း တို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အနိုင်ရရှိ

        စပိန်အသင်းဟာ အုပ်စုအဆင့် ပွဲစဉ်(၆)အဖြစ် အောက်တိုဘာ ၁၅ ရက် ညပိုင်းက နော်ဝေ အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး အဲဒီပွဲစဉ်မှာ စပိန်အသင်းက ဘာစီလိုနာကွင်းလယ်ကစားသမား ဂါဗီရဲ့ ပွဲကစားချိန် ၄၉ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

     လက်ရှိအချိန်မှာ စပိန်အသင်းနဲ့ စကော့တလန်အသင်းတို့ဟာ ပေါ်တူဂီအသင်း၊ ပြင်သစ်အသင်း ၊ ဘယ်လ်ဂျီယံအသင်း၊ တူကီယဲအသင်းနဲ့ အိမ်ရှင်ဂျာမနီအသင်းတို့နဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲ ဝင်ခွင့်ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

       အောက်တိုဘာ ၁၅ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ အခြားသော ယူရို ၂၀၂၄ ခြေစစ်ပွဲအုပ်စုအဆင့် ပွဲစဉ်တွေမှာတော့ ဝေးလ်အသင်းက ခရိုအေးရှားအသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ဂျော်ဂျီယာအသင်းက ဆိုက်ပရက်အသင်းကိုလေးဂိုး-ဂိုးမရှိ၊ ချက်အသင်းက ဖာရိုးကျွန်း စုအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ တူကီယအသင်းက လက်ဗီးယားအသင်းကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဆွစ် ဇာလန်အသင်းနဲ့ ဘီလာရုစ်အသင်းတို့ပွဲစဉ်မှာ သုံးဂိုးစီသရေ၊ ပိုလန်အသင်းနဲ့ မော်လ်ဒိုဗာအသင်း တို့ပွဲစဉ်မှာ တစ်ဂိုးစီ သရေရလဒ် အသီးသီးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

#PAN