အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့၏ ပဋိပက္ခများကြားတွင် ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တောင်းဆိုထား

အောက်တိုဘာ ၁၃

       ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်တွင် အစ္စရေးနိုင်ငံအပေါ် ဟားမတ်စ်(Hamas)များ၏ ကြောက်မက်ဖွယ်အကြမ်းဖက်မှုများနှင့် ဂါဇာကမ်းမြောင်ဒေသအား အစ္စရေးနိုင်ငံမှ ရက်ပေါင်းများစွာ ပြန်လည်ဗုံးကြဲမှုများကြောင့် လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း WHO က အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့ပါသည်။

        ကုလသမဂ္ဂအဖွဲ့အစည်းအနေဖြင့် အစ္စရေးနှင့် သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေ ၂ ခု စလုံးရှိ ကျန်းမာရေးအရာရှိများအား အကူအညီများ ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားပါသည်။

       WHO ၏ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus သည် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ပါလက်စတိုင်းမြို့ဖြစ်သည့် Rafah မြို့အားဖြတ်ကျော်၍ ဂါဇာကမ်းမြောင်ဒေသသို့ ကျန်းမာရေးနှင့် အခြားသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက် ပံ့ရေးပစ္စည်းများ ပေးပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန် အီဂျစ်သမ္မတ Abdel Fattah El-Sisi နှင့် အောက်တိုဘာလ ၉ ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။

       ဂါဇာကမ်းမြှောင်ဒေသရှိ ဆေးရုံများသည် အရန်မီးစက်များအသုံးပြုလျက်ရှိပြီး မကြာမီ ရက်ပိုင်း အတွင်း လောင်စာပြတ်တောက်သွားနိုင်ဖွယ်ရှိကြောင်းနှင့် လောင်စာမကုန်မီ ထောက်ပံ့ရေးပစ္စည်းများ ကြိုတင်နေရာချထားရမည်ဖြစ် ကြောင်း WHO က အစီရင်ခံတင်ပြခဲ့ပါသည်။

       ယခုအခါ အသက်ကယ်ဆယ်ရေး ကျန်းမာရေးတုံ့ပြန်မှုသည် ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ ထောက်ပံ့ရေးပစ္စမည်းများနှင့် လောင်စာအသစ်များ တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ရရှိခြင်းအပေါ် မူတည်ကြောင်း WHO က ပြောကြားခဲ့ပါသည်။

       ထို့ကြောင့် WHO သည် ၎င်း၏အချက်အချာဖြစ်သော ဒူဘိုင်းမြို့၌ ထောက်ပံ့ရေးပစ္စည်းများအားပြင်ဆင်နေချိန်တွင် ပြည်တွင်း၌ ဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းများ ၀ယ်ယူနိုင်ရေးအရေးပေါ်လုပ်ဆောင်လျက်ရှိပါသည်။

       Hamas အဖွဲ့မှ ဖမ်းဆီးထားသော အစ္စရေးနိုင်ငံ ဓားစာခံများ၏ ကျန်းမာရေးအတွက် စိုးရိမ်မိကြောင်းနှင့် ၎င်းတို့အား ဘေးကင်းစွာ လွှတ်ပေးရန် WHO က တောင်းဆိုခဲ့ပါသည်။

#PAN