ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့) အခမ်းအနားကျင်းပမည်

အောက်တိုဘာ ၁၃

      ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ သီတင်း ကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)အဖြစ် သီတင်းကျွတ်မီးထွန်း ပွဲတော် အခမ်းအနားများ ကျင်းပသွားမယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ သိရပါတယ်။

        အဆိုပါ အခမ်းအနားကို အောက်တိုဘာလ ၂၈ ရက် ညနေ ၅ နာရီမှာ လျှပ်စစ်မီးစေတီများအား ရင်ပြင်တော် တစ်ပတ်လှည့်လည်ပြီး အောင်မြေမှာ လှူဒါန်းပူဇော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

       ဒါ့အပြင် အောက်တိုဘာ ၂၉ရက်(သီတင်း ကျွတ်လပြည့်နေ့)နံနက် ၅ နာရီခွဲမှစတင်ပြီး စေတီတော်မြတ်ကြီး ကို အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကို ပြုလုပ်ကာ နံနက် ၉ နာရီခွဲမှာ ဝါတွင်းသီလခံယူပွဲနှင့် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချအခမ်းအနားများကို ဆင်ယင်ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

       ရွှေတိဂုံစေတီတော်ကို ဇန်နဝါရီလကနေ စက်တင် ဘာလအထိ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဦးရေ ၆ သန်း ကျော် လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ရွှေတိဂုံစေတီတော်ကို လစဉ် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဦးရေ ၇ သိန်းခန့် လာရောက်ဖူးမြော်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လအတွင်းကတော့ အများဆုံးလာရောက် ဖူးမြော်ခဲ့တယ်လို့ သိရပါတယ်။

#PAN