မိုင်းဆတ်မြို့၌ လင်မယားချင်းစကားများရာမှ လူသတ်မှုဖြစ်ပွား


အောက်တိုဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ အောက်တိုဘာလ(၁၀)ရက်နေ့ ည(၈)နာရီခန့်က လင်မယားချင်းစကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူအား ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုင်းဆတ်မြို့နယ်၊ ဟိုနားကျေးရွာတွင်နေထိုင်သူ ဒေါ်နန်းကြာနှင့် ခင်ပွန်းဖြစ်သူ စကားများရန်ဖြစ်နေကြောင်း ဒေါ်နန်းကြာ၏ အစ်မဖြစ်သူမှ ကြားသိရပြီး နေအိမ်သို့သွားရောက် မေးမြန်းရာ ညီမဖြစ်သူအား နေအိမ်တွင်မတွေ့ရသဖြင့် ဒေါ်နန်းကြာ၏ သမီးဖြစ်သူအား ဖုန်းဆက် အကြောင်းကြားခဲ့ရာ အောက်တိုဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် သမီးဖြစ်သူရောက်ရှိလာပြီး ဖခင်ဖြစ်သူအား အမေဘယ်မှာလည်းဟု မေးမြန်းရာ ဖခင်ဖြစ်သူမှ ဓားဖြင့်ခုတ်သတ်ပြီး နေအိမ်အနောက်ဘက်ချောင်းထဲသို့ ပစ်ချလိုက်ကြောင်းဖြေကြားခဲ့သဖြင့် ဒေါ်နန်းကြာ၏ အစ်မဖြစ်သူမှ သက်ဆိုင်ရာသို့ဖုန်းဆက်တိုင်ကြားခဲ့ရာ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာနှင့် တစ်မိုင်ခွဲခန့် အကွာအဝေးရှိ ချောင်းထဲတွင် ဒေါ်နန်းကြာ၏ အလောင်းအား ဓားဖြင့်ခုတ်ထားသည့် ဒဏ်ရာများဖြင့် ပက်လက်အနေအထားဖြင့် စစ်ဆေးရှာဖွေတွေ့ရှိခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဇနီးဖြစ်သူ ဒေါ်နန်းကြာအား အသက်သေဆုံးသည်အထိ ဓားဖြင့် ခုတ်ပြီး ချောင်းထဲပစ်ချခဲ့သည့် ခင်ပွန်းဖြစ်သူ ဦးဆူလင်းအား မိုင်းဆတ်မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

#PAN