စစ်တွေမြို့နယ် မန်စီအမှိုက်ပုံတွင် အမျိုးသားတစ်ဦးအလောင်းတွေ့

အောက်တိုဘာ ၁၃

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ မန်စီကျေးရွာအနီးရှိ အမှိုက်ပုံတွင် သေဆုံးနေသည့် အမည်မသိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာ ၁၁ ရက်က ကျေးရွာသားအချို့မှတွေ့ရှိခဲ့ကြောင်း သိရသည်။

အမှိုက်ပုံအနီးမှ အနံ့ဆိုးထွက်၍ သွားကြည့်ရာမှ လက်နှင့်ခြေထောက်ကို ကြိုးဖြင့်ချည်နှောင်ခံထားရသည့် လူသေအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မန်စီကျေးရွာမှ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်နဲ့ ခြေတွေကို ကြိုးတွေနဲ့တုတ်ချည်ထားကြောင်း၊ဒဏ်ရာတွေတော့ မတွေ့ရှိ‌ကြောင်း၊
အလောင်းက ပုတ်ပွနေကြောင်း၊အလောင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ တတ်တူးတွေထိုးထားကြောင်း တွေ့ရှိရပါသည်။

လူသေအလောင်းတွေ့ရှိသည့် အမှိုက်ပုံမှာ စစ်တွေမြို့ကထွက်ရှိသည့် အမှိုက်များကို စွန့်ပစ်သည့် နေရာဖြစ်ပြီး လက်ရှိတွင် အလောင်းကို စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးနေသည့် အမျိုးသားမှာ အသက် ၃၅ နှစ်အရွယ်ခန့်ဖြစ်ပြီး မည်သည့်အရပ်ဒေသမှ ဖြစ်သည်ကို မသိရသေးကြောင်း စစ်တွေမြို့၊ နာရေးကူညီမှုအသင်းက ပြောဆိုထားပါသည်။

အလောင်းကို အခုအချိန်ထိ မသင်္ဂြိုလ်ရသေးကြောင်း၊၎င်း၏ဆွေမျိုးတွေ ရောက်မလာသေး၍ ဘယ်သူဘယ်ဝါဆိုတာကို တိတိကျကျပြောဆိုဖို့ ခက်နေကြောင်းသိရပါသည်။

အဆိုပါရုပ်အလောင်းကို မွတ်ဆလင်ရွာနားက အမှိုက်ပုံမှာ သတ်ပြီးစွန့်ပစ်ခဲ့တာဆိုတော့ ဒေသခံတွေလည်း လူမျိုးရေးကြား အမြင်စောင်းတာတွေဖြစ်မှာကို စိုးရိမ်ပူပန်နေကြကြောင်းသိရှိရပါသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း စစ်တွေမြို့၊ ရူပမြောက်ရပ်ကွက်ရှိ မြို့လယ်ချောင်းတွင် ပီနံအိတ်ခွံဖြင့် ထုပ်ပိုးထားသည့် အမည်မသိ လူသေရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်းသိရပါသည်။

စစ်တွေမြို့တွင် အမည်မသိ လူသေအလောင်းများကို ခပ်စိပ်စိပ်တွေ့လာနေရခြင်းမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကြောင့်ဟု ဒေသခံများက ဝေဖန်နေကြသည်။

#PAN

Please Join our “PAN Telegram Link”

#https://t.me/positiveanglenews