ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံသား ၂ ဦး မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

အောက်တိုဘာ ၁၂

       ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ အမှတ် (၁)၊ ထာ့ဆိုင်လွှက်ကျေးရွာရှိ၊ လူကူးခုံးကျော်တံတားအနီးတွင် မြန်မာနိုင်ငံသား ၂ ဦး အောက်တိုဘာ ၁၁ ရက် ညပိုင်းက ဖမ်းဆီးခံရကြောင်း သိရသည်။

        ယမန်နေ့  ည ၁၁ နာရီကျော်အချိန်ခန့်က မဲဆောက်မြို့၊ ထာ့ဆိုင်လွှက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် ကျေးရွာလုံခြုံရေးအတွက် လှည့်ကင်းပြုလုပ်နေစဉ် ကျေးရွာအပိုင်ရှိ လူကူးခုံးကျော်တံတားအနီးတွင် မသင်္ကာဖွယ်ရာ မြန်မာနိုင်ငံသား ၂ ဦးကို တွေ့ရှိသဖြင့် စစ် ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံသား ၂ ဦးမှာ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ဖြစ်ကြပြီး အမျိုးသားတစ်ဦး၏ဘက်လွယ်အိပ်အတွင်းမှ WY စာတန်းပါမူးယစ်ဆေးဝါး ၇ ပြားနှင့် ဓါးမြှောင် ၁ ချောင်းတို့အား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပြချက်အရသိရသည်။

      အဆိုပါ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၂ ဦးအနက် အမျိုးသားဖြစ်သူအား မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတို့ဖြင့် အမှုဖွင့်လှစ်ထားပြီး အမျိုးသမီးဖြစ်သူအား ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုဖြင့် မဲဆောက်ရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

#PAN