ကြံတစ်တန် ကြမ်းခင်းဈေး ၁၂၀,၀၀၀ ကျပ်အထိ ဈေးဖွင့်ဝယ်ယူလာ

အောက်တိုဘာ ၁၂

       လာမည့်ကြံရာသီတွင် ကြံတစ်တန် လျှင် ၁၂၀,၀၀၀ ကျပ်အထိ ဈေးဖွင့်ဝယ်ယူမည်ဟု သကြားစက်ရုံအချို့က အသိပေးလာကြောင်း ကြံစိုက်တောင်သူများထံမှ သိရပါသည်။

        ရှမ်းပြည်နယ်ရှိ  ငွေရည်ပုလဲ သကြားစက်နှင့် မိုင်းရယ် သကြားစက်ရုံများက ကြံတစ်တန် ၁၂၀,၀၀၀ ကျပ်နှင့် ဝယ်ယူမည်ဟု စတင်ဈေးဖွင့်လိုက်ခြင်း ဖြစ်ပါသည်။

        မနှစ်က ကြံရာသီတွင် သကြားစက်ရုံများက ကြံတစ်တန်ကို ၈၀,၀၀၀ ကျပ်နှင့် ဈေးစဖွင့်ခဲ့ပြီး ၈၅,၀၀၀၊ ၉၅,၀၀၀ ၁၀၀,၀၀၀ အထိ ဈေးပေး ဝယ်ယူမှုရှိခဲ့သည်ဟု ကြံစိုက်တောင်သူများက ပြောပါသည်။ လက်ရှိ သကြားစက်ရုံများက ပေးသည့် ကြံတစ်တန် ၁၂၀,၀၀၀ ကျပ် ဆိုသည့် ဈေးမှာ စက်ရုံအရောက်ပို့ပေးရသည့် ဈေးဖြစ်ခြင်းကြောင့် တောင်သူများ အနေနှင့် ကြံတစ်တန်ကို တစ်သိန်းနီးပါးသာရရှိမှာဖြစ်သည်ဟု သိရပါသည်။

        သကြားဈေးအနေနှင့် ပြည်တွင်းမှာရော နိုင်ငံ တကာမှာပါ မြင့်တက်နေခြင်းဖြစ်ပြီး ပြည်တွင်းသကြားဈေး အနေနှင့် တစ်ပိဿာကို ၃,၇၀၀ ကျပ်ထိ မြင့်တက်နေပါသည်။ သကြားဈေးမြင့်နေခြင်းကြောင့် ပြည်တွင်းစားသုံးမှုအတွက် ထိန်းနေရပြီး လာမည့်​နှစ်သကြားထုတ် လုပ်မှုက ယခုနှစ်ထက် ၂၀ ရာခိုင်နှုန်းလောက် ပိုလာနိုင်မည်ဟု သိရပါသည်။

        မြန်မာနိုင်ငံတွင် ကြံကို ရှမ်းပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး ကြံစိုက် ဧက ၄ သိန်းခွဲ ဝန်းကျင်ရှိကာ နေရာဒေသအလိုက် သကြားစက်များ၏ ဝယ်ယူမှုဈေးနှုန်းများမှာ အပြောင်းအလဲရှိနေခြင်းဖြစ်ပါသည်။

#PAN