အစ္စရေးနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် ယူရို-၂၀၂၄ ခြေစစ်ပွဲနှင့် သက်တမ်းအလိုက် ပွဲစဉ်များကို ရွှေ့ဆိုင်းကြောင်း UEFA ထုတ်ပြန်

အောက်တိုဘာ ၁၀

         စစ်ပွဲဖြစ်ပွားနေသည့် အခြေအနေကြောင့် အစ္စရေးနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် ယူရို-၂၀၂၄ ခြေစစ်ပွဲအပါအဝင် သက်တမ်းအလိုက်ပွဲစဉ်များကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

         အောက်တိုဘာလ ၇ ရက်တွင် ပါလက်စတိုင်းစစ်သွေးကြွအုပ်စုဖြစ်သည့် ဟားမာ့စ်က ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးပိုင်နက်ကို ကျူး ကျော်ဝင်ရောက်၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သော ကြောင့် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားလျက် ရှိခဲ့ပါတယ်။ အစ္စရေး- ပါလက်စတိုင်းပဋိပက္ခအတွင်း နှစ်ဖက်စလုံးမှ သေကြေဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ပြီး အစ္စရေးအစိုးရက ဟားမာ့စ်တို့ကို စစ်ကြေညာကြောင်း အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

       အဆိုပါ စစ်ကြေညာကြောင်း ကြေညာချက်ထွက်ပေါ်လာပြီးနောက် UEFA ကအစ္စရေးနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ပွဲစဉ်များကို ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။ UEFA က ရွှေ့ဆိုင်းရန် ထုတ်ပြန်ခဲ့သည့် ပွဲစဉ်တွေ ကတော့ အောက်တိုဘာလ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အစ္စရေး-ဆွစ်ဇာလန် ယူရို-၂၀၂၄ ခြေစစ်ပွဲ၊ အောက်တို ဘာလ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားမည့် အစ္စရေး-အက်စ်တိုးနီးယားနှင့် အောက်တိုဘာလ ၁၇ ရက်တွင် ယှဉ်ပြိုင် ကစားမည့် အစ္စရေး-ဂျာမနီ ၂၀၂၅ ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲခြေစစ်ပွဲ၊  အောက်တို ဘာလ ၁၁ ရက်မှ ၁၇ ရက် အတွင်း အစ္စရေး၊ ဘယ်လ်ဂျီယံ၊ ဂျီဘရော်လ်တာနှင့် ဝေးလ်စ်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၂၄ ဥရောပ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု (၁၂) ပွဲစဉ်များ ဖြစ်တယ်လို့ သိရပါတယ်။

       ဒါ့အပြင် အောက်တိုဘာလ ၁၅ ရက်တွင် ကိုဆိုဗိုနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် ကိုဆိုဗို-အစ္စရေး ယူရို- ၂၀၂၄ ခြေစစ်ပွဲကို ပုံမှန်အတိုင်း ယှဉ်ပြိုင်ကစားခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းပြုလုပ်ရန် ရက်ပိုင်းအတွင်း အခြေအနေကို လေ့လာသုံးသပ်သွားမည်ဖြစ်ကြောင်း UEFA က ထုတ်ပြန် ခဲ့ပါတယ်။ ယူရိုခြေစစ်ပွဲ အုပ်စု (I)တွင်  အစ္စရေးအသင်းအပါအဝင် ဆွစ်ဇာလန်၊ ရိုမေးနီးယား၊ ဘီလာရုစ်၊ ကိုဆိုဗို၊ အန်ဒိုရာအသင်းတို့ ပါဝင်နေပါတယ်။

#PAN