ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီးအသင်း

အောက်တိုဘာ ၉

      စူပါဆန်းဒေးရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲ ဖြစ်တဲ့ မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့ ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ အာဆင်နယ်အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ်ခဲ့ပါတယ်။ အခုလို ရှုံးပွဲကြောင့် တစ်ရာသီအတွင်း မန်စီးတီးအသင်းက နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့တာ ဖြစ်သလို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

        မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁၂ ပွဲဆက် အနိုင်ရရှိထားတဲ့ အာဆင်နယ်အသင်းကို ၂၀၁၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်အသင်းကို နည်းပြ ပယ်လီဂရီနီကိုင်တွယ်စဉ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ နောက် ဆုံးရှုံးနိမ့်ခဲ့ပြီး ဂွါဒီယိုလာ ကိုင်တွယ်တဲ့ သက်တမ်းအတွင်း ရှုံးပွဲလုံးဝမရှိဘဲ ၂၀၁၇-၁၈ ခုနှစ်ရာသီမှစတင်ပြီး နောက်ဆုံး ၁၂ ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပါတယ်။

        ဒါ့အပြင် ယခုပွဲမှာ ဂိုးမသွင်းယူနိုင်ဘဲ ရှုံးနိမ့်ခြင်းဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းကို ၁၆ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းပါ ရပ်တန့်သွားခဲ့ရတာ ဖြစ်ပါတယ်။