အောက်တိုဘာ ၈

       ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း၌ အောက်တိုဘာလ ၇ ရက်နေ့က မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းမှု၊ ပဲခူးမြစ်ရေရုတ်တရက်မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးတို့တွင် လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ အစိုးရဌာနဆိုင်ရာရုံးများ ရေနစ်မြုပ်ခြင်း ၊ ရေလွှမ်းခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

        ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက်၌ ၄၀ စင်တီမီတာ တည်ရှိနေမှုကြောင့် ပဲခူးမြို့အတွင်းရှိ ရန်ကုန် – မန္တလေးကားလမ်းဟောင်းအား ယနေ့မနက်မှစ၍ ယာဥ်ငယ်များဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ၊ ရေကြီးနစ်မြုပ်ရာ ရပ်ကွပ်/ကျေးရွာအုပ်စုများရှိ ရေဘေးသင့် အိမ် ထောင်စုများ၊ သက်ကြီးရွယ်အိုများကို ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ ပြောင်း၍ ရေ ဘေးကယ်ဆယ်စခန်း ယနေ့ မွန်းလွဲပိုင်းအထိ ၂၂ ခုဖွင့်လှစ်ထားရှိထားကြောင်း သက်ဆိုင် ရာ မြို့နယ်တာဝန်ရှိိသူတစ်ဦးမှ အတည်ပြုပြောကြားခဲ့သည်။

         ပဲခူးမြစ်ရေမကြာခဏ ကြီးမြင့်မှုကြောင့် မြို့နယ်အတွင်း၌ ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ သက်ဆိုင်ရာများ ၊ လူမူပရဟိတအသင်းအဖွဲ့များ ၊ စေတနာရှင်အလှူရှင်များမှဝိုင်းဝန်းကူညီလှူဒါန်းပေးနေရကြောင်း သိရသည်။ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်၌ တည်ရှိနေပြီး ယနေ့မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ  ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခွဲခန့် (၄၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေပါသည်။

       အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း တာဝန်ရှိသူများမှ အသိပေးထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။

#PAN