ပဲခူးတွင် တစ်မြို့လုံးနီးပါး ရေကြီးနေ မိသားစုဝင်များကို ဘေးလွတ်ရာရွှေ့ပြောင်းပေးနေရ

ပဲခူး အောက်တိုဘာ ၈

အောက်တိုဘာလ ၇ ရက်နေ့မှစတင်ရွာသွန်းခဲ့သည့်မိုးကြောင့် ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ အောက်တိုဘာ (၈) ရက်နံနက် (၆) နာရီခွဲခန့်မှ စတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည် ။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများရေကျော်မှုများဖြစ်ပေါ်နေပြီး ပဲခူးမြို့ရှိ ကျွန်းသာယာ၊ မဇင်း၊ ကလျာဏီ၊ ဇိုင်းတောင်၊ ကျောက်ကြီးစု၊ မြို့သစ်ရပ်ကွက်များမှ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်နေကာ မိသားစုအချို့ကို တိုင်းရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ လူမှုကူညီရေးအဖွဲ့တွေက ဘေးလွတ်ရာ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွှေ့ ပေးထားရကြောင်း သိရသည်။​

” ခုက တစ်မြို့လုံးကို ရေကဝင်နေတာ ပထမခေါက်ရေကြီးတာကိုမှီဖို့ တစ်ထွာလောက်ပဲလိုတော့တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အောက်တိုဘာ (၈) ရက် ယနေ့ နေလည်ပိုင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့်နှစ်ပေါင်း ၅၉ နှစ်အတွင်း ပဲခူးမြို့တွင် မိုးရေချိန်စံချိန်သစ်အဖြစ် ၇.၈၇ လက်မ ရွာသွန်းခဲ့ကြောင်းသိရသည်။

ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် (၁) ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် (၂၄) နာရီအတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရပ်တည်နေမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ မိုးရွာသွန်းမှုများကြောင့် ငမိုးရိပ်‌ ရေလှောင်တမံ၏ ရေပိုလွှဲမှ (၄) ပေကျော်၊မဟူရာတမံ ရေပိုလွှဲမှ (၂) ပေကျော်၊ ပေါင်းလင်းတမံ ရေပိုလွှဲမှ (၃) ပေကျော် ရေများကျော်လျက်ရှိပြီး စိုးရိမ်ရေအမှတ်ထက် တစ်ပေခွဲခန့် ကျော်လွန်ရောက်နေသည့် ပဲခူးမြစ်ရေကြောင့် အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို့ ရေဝင်ရောက်လျက်ရှိပြီး ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ၂၉ ခု ဖွင့်လှစ်ထားရကြောင်း သိရသည်။

#PAN