အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့်မိုင်းတွေ့ရှိသဖြင့် ကုန်ရထားခရီးစဉ်များ ကြန့်ကြာမှုဖြစ်ပွားခဲ့

အောက်တိုဘာ ၅

       ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန် – မန္တလေး ရထားလမ်းမကြီး၏ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင် ၁၂၀/၇-၈ရှိ
တံတားအမှတ်(၁၇၉)အနီးတွင် ယမန်နေ့နံနက် ၈ နာရီခန့်က တောကျွဲအင်း နယ်မြေရဲစခန်းမှ လုံခြုံရေးလှည့်ကင်း ဆောင်ရွက်နေစဉ်ဝါယာကြိုးများနှင့် သွယ် တန်းထားသည့် မိုင်းဟုယူဆရသော ဆာလာအိတ်နှင့် ထည့်ထားသည့် ကော်ပုံးနှစ်ပုံးကို တွေ့ရှိရသဖြင့် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများ သွားရောက်ပြီး မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် မိုင်းကိုရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

       အဆိုပါဖြစ်စဉ်ကြောင့် အမှတ်(၉၂၃)အဆန် ကုန်ရထားသည် ပဲနွယ်ကုန်းဘူတာသို့ နံနက် ၉ နာရီ ၄၃ မိနစ်တွင် လည်းကောင်း၊အမှတ်(၉၀၄) အစုန် ကုန်ရထားသည် ကညွတ်ကွင်းဘူတာသို့ နံနက် ၁၀ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ အမှတ် (၉၀၂)အစုန် ကုန်ရထားသည် ဖြူးဘူတာသို့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင်လည်းကောင်း ရောက်ရှိပြီး စောင့်ဆိုင်းရပ် နားခဲ့ရသဖြင့် မိုင်းရှင်းလင်းပြီးချိန်အထိ ရထားများ အချိန် ၁ နာရီ ခန့် ကြန့်ကြာမှုဖြစ်ပွားခဲ့သည်။

       အဆိုပါ မိုင်းတွေ့ရှိမှုဖြစ်စဉ်သည် အချိန်မီတွေ့ရှိဟန့်တားနိုင်ခဲ့ခြင်းမရှိပါက ပေါက်ကွဲမှုဖြစ်ပြီး ပုံမှန်ဖြတ်သန်းသွားလာနေသည့် လူစီးရထားများနှင့် ခရီး သွားပြည်သူများကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းသာမကဘဲ ရန်ကုန် – မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး အတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ် ငန်းများကိုပါ ထိခိုက်ပျက်စီးရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သောင်းကျန်း သူများ၏ ယုတ်မာပက်စက်မှုများဖြစ်ပြီး ယခုဖြစ်စဉ်တွင် ရထားအား အချိန်မီမရပ်တန့်နိုင်ခဲ့ပါက ရထားစီး ခရီးသွားပြည်သူများကိုပါ ထိခိုက်သေဆုံးနိုင်သဖြင့် ပျက်စီးဆုံးရှုံးမှု ကြီးမားစွာကြုံတွေ့ရနိုင်သည့် စက်ဆုပ်ရွံရှာဖွယ်ကောင်း သော လုပ်ရပ်တစ်ခုဖြစ်သည်။

        အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေ ဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက် တစ်ခု လုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မှ ၁၂၆ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၄၅ ကြိမ်၊ ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား မီး ရှို့ဖျက်ဆီးခြင်း ၁၂ကြိမ်ကျူးလွန်ခဲ့ကြပြီးဖြစ် သည်။

       နိုင်ငံတော်အနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေးအတွက် လူစီးရထားများ၊ ကုန်ရ ထားခရီးစဉ်များ အချိန်မှန်ကန်စွာ တိုးချဲ့ပြေးဆွဲနိုင်ရေး အဘက်ဘက်မှ စီစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း ယခု ကဲ့သို့ ဖြစ်စဉ်များကြောင့် ရထားပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရန် ယုတ်မာရက်စက်စွာ
မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုများ ကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူတစ် ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သိရသည်။

#PAN