၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ စီးပွားရေး ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်ပြောကြား

အောက်တိုဘာ ၄

       အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ယခုဘဏ္ဍာနှစ်အတွင်း ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်း ကမ္ဘာ့ဘဏ်က ယမန်နေ့က ပြောကြားသည်။

       အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှင့်စပ်လျဉ်း၍ ကမ္ဘာ့ဘဏ်၏ နှစ်လယ်အစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် သိသိသာသာရင်ဆိုင်နေရသော်လည်း တိုးတက်မှုရှိနေဆဲဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းက အိန္ဒိနိုင်ငံ၏ စီးပွားရေးသည် ၇ ဒသမ ၂ ရာခိုင်နှုန်းရှိခြင်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်ခဲ့ကြောင်းသိရသည်။

         အိန္ဒိယနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဂျီ-၂၀ နိုင်ငံများထဲတွင် ဖွံ့ဖြိုးတိုးတက်မှုဒုတိယအများဆုံးနိုင်ငံ ဖြစ်ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ ဇူလိုင် လအတွင်းက ဂျုံနှင့် ဆန်ကဲ့သို့သော စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်း ပွမှု ၇ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်မှုရှိခဲ့ကြောင်း သိရသည်။

        သို့ရာတွင် စားနပ်ရိက္ခာဈေးနှုန်းများ ပုံမှန်ပြန်ဖြစ်လာပြီး အစိုးရက အဓိက ကုန်ပစ္စည်းများ ထောက် ပံ့မှုတိုးမြှင့်လာခြင်းကြောင့် ငွေကြေး ဖောင်းပွမှုနှုန်း သည်လည်း တဖြည်းဖြည်း လျော့ ကျလာမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။

#PAN