ခြောက်လနီးပါးကာလအတွင်း ပဲတင်ပို့မှု တိုး တက်ပြီး အမေရိကန်ဒေါ်လာ သန်း ၆၈၀ ကျော် ရရှိထား

အောက်တိုဘာ ၃

        ယခု ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ခြောက်လနီးပါးကာလအတွင်း ပြည်ပသို့ ပဲတန်ချိန် ၈၂၀,၀၀၀ ကျော်တင်ပို့ ထားပြီး အမေရိကန်ဒေါ်လာသန်း ၆၈၀ ကျော် ရရှိခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါသည်။

       ယခု ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့ အထိ ကာလအတွင်း ပြည်ပသို့ ပဲ တန်ချိန် ရှစ်သိန်းနှစ်သောင်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၆၈၂ သန်းကျော် နိုင်ငံခြား ဝင်ငွေရရှိခဲ့သည်ဟု ဆိုပါသည်။

       အဆိုပါကာလအတွင်း မြန်မာ့ပဲမျိုးစုံကို ပင်လယ်ရေကြောင်းမှ တန်ချိန် ခုနှစ်သိန်း ကျော်နှင့် အများဆုံး တင်ပို့ခဲ့ပြီး နယ်စပ်မှတင်ပို့မှု တန်ချိန် တစ်သိန်းနှစ်သောင်းကျော် ရှိခဲ့ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ကာလတူက ပဲတန်ချိန် ၇၈၀,၀၀၀ ကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၁၄ သန်းကျော်ရရှိခဲ့ခြင်းကြောင့် ယခုနှစ် ပဲတင်ပို့မှု တိုးတက်လာပြီး အမေရိကန်ဒေါ်လာ ၆၆ သန်းကျော် ဝင်ငွေပိုရထားပါသည်။

       လက်ရှိ အိန္ဒိယတွင် မတ်ပဲနှင့် ပဲစဉ်းငုံ စားသုံးမှုကြီးထွားလာသည်နှင့်အမျှ ဝယ်လိုအားလည်း မြင့်တက်လာပြီး မြန်မာနှင့် အိန္ဒိယကြား ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်က ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာအရ အိန္ဒိယသို့ ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်ထိ ငါးနှစ်ဆက်တိုက် မြန်မာ့မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစဉ်းငုံတန်ချိန် တစ်သိန်းတို့ကို တင်သွင်းသွားမှာ ဖြစ်ပါသည်။

        အဆိုပါ အစိုးရချင်းချုပ်ဆိုထားသည့် သဘောတူညီချက်မှာ အိန္ဒိယမှ ချမှတ်ထားသည့် နှစ်စဉ် ပဲကိုယ်တာအပေါ် သက်ရောက်မည်မဟုတ်ဘဲ မြန်မာပို့ကုန်သမားတွေအနေနှင့် နှစ်စဉ်ကိုယ်တာအောက်မှ အိန္ဒိယကို ပဲတင်ပို့နိုင်ပါသည်။

       လက်ရှိ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်၏ ဈေး ကွက်ပေါက်ဈေးအရ မတ်ပဲတစ်တန် ကျပ် ၂၈ သိန်းကျော်နှင့် ပဲစဉ်းငုံ တစ်တန်ကို ကျပ် သိန်း ၄၀ ကျော် ဈေးမှာ ရှိနေပါသည်။

       မြန်မာနိုင်ငံအနေနှင့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ်က ပဲတန်ချိန် ၁ ဒသမ ၉ သန်းကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံကျော်ရရှိခဲ့ငည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

#PAN