တိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးတွေမှာ နှလုံးအထူးကြပ်မတ်ကုသဆောင်များဖွင့်လှစ်သွားမည်

အောက်တိုဘာ ၂

      နှလုံးနှင့်သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦးရေများစွာသေဆုံးနေသဖြင့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ပြည်နယ်ဆေး ရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင်များဖွင့်လှစ်သွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ပြောခဲ့ပါသည်။

       စက်တင်ဘာလ ၂၉ ရက်နံနက် ၉ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစာရုံ(B)၌ ကျင်း ပသည့် ၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

         နှလုံးနှင့်သွေးကြောရောဂါများကြောင့် ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်လူဦးရေ ၂၀ ဒသမ ၅ သန်းကျော် သေဆုံးလျက်ရှိကာ အဆိုပါ သေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်ခြင်း၊ ဦး နှောက်သွေးကြောပိတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် သေဆုံးနေရခြင်းဖြစ်သည်ဟု ပြောပါ သည်။

        ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှလုံးနှင့်သွေးကြောရောဂါများအပါအဝင် အခြားမကူးစက်နိုင်သည့် ရောဂါများဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ရန် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ(၂၀၂၃ – ၂၀၂၇)ကို ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောပါသည်။

      တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်မှစ၍ မကူးစက်နိုင်သည့်ရောဂါများ စစ်ဆေးကုသနိုင်သည့် ဆေး ခန်းပေါင်း ၇,၄၇၆ ခုကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိကြောင်းနှင့် ၎င်းအပြင် ကုသမှုအတွက်လိုအပ်သည့် အခြေခံနှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါများကုသသည့် ဆေးနှင့်ဆေးပစ္စည်းများ ကိုလည်း ပြည်သူများအတွက် နိုင်ငံတော်မှ အခမဲ့ပံ့ပိုးပေးလျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

       နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများမှာလည်း နှလုံးရောဂါလူနာများအတွက် ခေတ်မီစက် ကိရိယာ၊ နည်းပညာများအသုံးပြု၍ ကျွမ်းကျင်အထူးကုဆရာဝန်ကြီးများက ကုသမှုပေးလျက်ရှိကာ တိုင်းဒေသကြီး/ပြည်နယ် ဆေးရုံကြီးများတွင် နှလုံးအထူးကြပ်မတ်ကုသဆောင်များဖွင့်လှစ်ရန် စီစဉ်သွားမည်ဟုလည်း ပြောကြားခဲ့ပါသည်။

        ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားပြခန်းနှင့်  နှလုံးကျန်းမာရေးစစ်ဆေးပေးခြင်း ဒုတိယနေ့ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါသည်။

#PAN