မော်ရင်ဟိုရဲ့ ရိုးမားအသင်း တန်းဆင်းဇုန်နားကို ရောက်နေ

အောက်တိုဘာ ၁

     နည်းပြမော်ရင်ဟိုရဲ့ ရိုးမားအသင်းဟာ ကြားရက် စီးရီးအေပွဲစဉ်မှာလည်း ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရလို့ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အဆင့်(၁၆)ကို ရောက်ရှိသွားခဲ့ပါတယ်။ စီးရီးအေပွဲစဉ်(၆) အဖြစ် ဂျီနိုအာအသင်းရဲ့ အိမ်ကွင်းမှာ ရိုးမား အသင်း သွားရောက်ကစားခဲ့ရတာဖြစ်ပြီး ယခုရာသီ အဝေးကွင်းနိုင်ပွဲ မရသေးတဲ့ ရိုးမားအသင်း ရုန်းကန်ခဲ့ရပါတယ်။

        ပွဲအစ ၅ မိနစ်မှာပဲ ဂျီနိုအာအသင်းကွင်းလယ်လူ ဂူမန်ဆန် က ဦးဆောင်ဂိုး စသွင်းခဲ့ပေမယ့် ၂၂ မိနစ်မှာ နောက်ခံလူ ခရစ်တန်တီ က ရိုးမားအသင်းအတွက်ချေပဂိုးကို ပြန်လည်သွင်းယူခဲ့လို့ ပွဲချိန်အစောပိုင်းမှာပဲ တစ်ဖက် ၁ ဂိုးစီနဲ့သရေကျနေခဲ့ပါတယ်။ အဝေးကွင်းမှာ ခံစစ်အားနည်းတဲ့ရိုးမားအသင်းက ဂျီနိုအာအသင်းရဲ့ တိုက်စစ်ကို မထိန်း နိုင်ခဲ့ဘဲ ၄၅ မိနစ်မှာ ရက်တီဂွီ က ဂျီနိုအာအတွက် ဒုတိယဂိုးသွင်းခဲ့သလို ၇၄ မိနစ်မှာ သောစ်ဘီ နဲ့ ၈၁ မိနစ်မှာ မက်ဆီယက်စ် တို့ရဲ့ သွင်းဂိုးတွေပါ ထပ်‌ပေးရလို့ ပွဲအပြီးမှာ ဂျီနိုအာအသင်းက ရိုးမားအသင်းကို ၄ ဂိုး၊ ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

       ဂျီနိုအာအသင်း ယခုရာသီစီးရီးအေမှာ နိုင်ပွဲ ၂ ပွဲရထားခဲ့ရာမှာ ရောမအခြေစိုက် လာဇီယိုနဲ့ ရိုးမားအသင်း တွေကို အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ ရိုမားနည်းပြ မော်ရင်ဟိုအတွက်တော့ အခုပွဲရှုံးကြောင့် ဖိအားပိုများသွားခဲ့ရ ပါတယ်။

#PAN