Online Shop သမားတွေအနေနဲ့ လာမယ့်အောက်တိုဘာလကစလို့ သုံးလအတွင်း မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ရ

PAN စက်တင်ဘာ ၂၇

အွန်လိုင်းပေါ်ကတစ်ဆင့် ဈေးရောင်းချနေသူ Online Shop သမားတွေအနေနဲ့ လာမယ့်အောက်တိုဘာလကနေ စလို့ သုံးလအတွင်း မှတ်ပုံတင်ကင်းလွတ်ခွင့်နဲ့ လုပ်ငန်းခွင့်ပြုချက် မှတ်ပုံတင်နိုင်ပြီ ဖြစ်ပါတယ်။

Online Shop သမားတွေအနေနဲ့ www.ecomreg.gov.mm ဝက်ဆိုက်ဒ်ကတစ်ဆင့် မှတ်ပုံတင်နိုင်မှာဖြစ်ပြီး အောက်တိုဘာ ၂ ရက်နေ့ကနေ ဒီဇင်ဘာလအတွင်းမှာ မှတ်ပုံတင်ရင် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ပေးမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

ယခုလို Online Shop တွေကို မှတ်ပုံတင်ခိုင်းပြီး အွန်လိုင်းဝန်ဆောင်မှုစနစ်ကို လုပ်ဆောင်တာဟာ ရောင်းသူနဲ့ ဝယ်ယူသူတို့အကြား တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့အတွက်ဖြစ်တယ်လို့ နစကအစိုးရက ပြောဆိုထားပါတယ်။

အွန်လိုင်းမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်မယ့် မည်သူမဆို၊ အွန်လိုင်းဈေးရောင်းတဲ့ မည်သည့်လုပ်ငန်းမဆို မဖြစ်မနေ မှတ်ပုံတင်ကြရမှာဖြစ်ပြီး မှတ်ပုံတင်တဲ့အခါ လုပ်ငန်းအမည်၊ အမှတ်တံဆိပ်၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ တွေနဲ့ ရောင်းချလိုတဲ့ ကုန်ပစ္စည်းအမျိုးအမည်တွေစတဲ့ အချက်အလက်တွေကို ဖြည့်သွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းကနေ ပစ္စည်းတွေ ဝယ်ယူတဲ့အခါ ဝယ်ယူတွေအနေနဲ့ ငွေလိမ်ခံလိုက်ရတာ၊ ပစ္စည်းလိမ်ခံရတာနဲ့ တစ်ခြားနည်းနဲ့ လိမ်လည်ခံရတာ (ခေတ်စကားအရ ဂျင်းမိတာ)တွေ ရှိနေကြောင်း၊ အခုလို မှတ်ပုံတင် လိုင်စင်လုပ်ခိုင်းတာက စားသုံးသူ အခွင့်အရေးတွေ အပြည့်အ၀ရရှိအောင်အတွက် လုပ်ရတာဖြစ်ပြီး ရောင်းသူနဲ့ ဝယ်သူကြားမှာ အစိုးရအနေနဲ့ ပေါင်းကူး ပေးတဲ့သဘောသာ ဖြစ်တယ်လို့ စီးပွားကူးသန်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

အစိုးရအနေနဲ့ အခုလို လုပ်ဆောင်တာကို လက်ခံကြောင်း၊ လိမ်လည်နေတဲ့ Online Shop သမားတွေအတွက် နေရာရှိ တော့မှာ မဟုတ်ကြောင်း Online Shop လုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက PAN သတင်းဌာနကို ပြောပါတယ်။
“သိတဲ့အတိုင်းပါပဲ အွန်လိုင်းမှာက အလိမ်တွေချည်းပဲ။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသလိုပဲ ကျွန်မတို့ Online Shop သမားတွေပါ ရောပြီး နာမည်ပျက်ရတယ်။ တာဝန်ရှိသူအနေနဲ့ အခုလို လုပ်တာ အရမ်းကောင်းတယ်၊ လက်ခံရမယ်။ အခုဟာက ဝယ်သူတွေအတွက်လည်း စိတ်ချရသလို ရောင်းသူတွေအတွက်လည်း သန့်ရှင်းတဲ့ ရပ်ဝန်း တစ်ခုကို ဖန်တီးလိုက်တာပဲလို့ မြင်ပါတယ်။ နစကအစိုးရကို မကြိုက်တဲ့သူတွေကတော့ ဒီလုပ်ရပ်ကို လက်ခံချင်မှ လက်ခံ မယ်၊ ဒါပေမယ့် မကြိုက်လို့တော့မရဘူး။ အပြစ်မရှိ အပြစ်ရှာပြီး မှတ်ပုံတင်ကြေးအတွက် အဖိုးအခကို လက်ညိုးထိုးကြ မှာပေါ့။ ဒါပေမယ့် ၃ လအတွင်းမှာ မှတ်ပုံတင်ကြေး Free ပေးထားတာပဲ။ လက်ရှိလုပ်ကိုင်နေသူတွေအဖို့ မှတ်ပုံတင်ဖို့ လုံလောက်ပါတယ်။ ကျွန်မကတော့ အရမ်းကြိုက်တယ်။ အားအားရှိ လိမ်ဖို့ပဲ ချောင်းနေသူတွေအတွက် Online မှာ နေရာ မရှိတော့ဘူးပေါ့”လို့ သူ့ရဲ့အမြင်ကို အခုလို ပြောဆိုလိုက်တာပါ။

Online Shop သမားတွေအနေနဲ့ လုပ်ငန်းမှတ်ပုံတင်ခြင်းမရှိဘဲ ဆက်လက်ရောင်းချနေတာကို တွေ့ရှိပါက ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ လည်းကောင်း၊ ငွေဒဏ် ၅ သိန်းကျပ်ကိုလည်းကောင်း ပြစ်ဒဏ်ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

PAN

မှတ်ပုံတင်ရမည်

မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်

Online_Shop

စီးပွားကူးသန်းဝန်ကြီးဌာန