မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထား

စက်တင်ဘာ ၂၆

         လာမည့် စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့ အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်ပြီး မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါသည်။

        စက်တင်ဘာလ ၂၄ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီအချိန်ထုတ်ပြန်ချက်အရ စက်တင် ဘာလ ၂၈ ရက်ကနေ အောက်တိုဘာလ ၃ ရက်အတွင်း အရှေ့ဘက်ကရွေ့လျားလာသည့် လေပွေလှိုင်းများ၏ အရှိန်၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်း ရပ်ဝန်း၏အရှိန်တို့ကြောင့် ယခုလို နေရာကွက်ပြီး မိုးကြီး​ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရပါသည်။

       မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေအနေနှင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်တွေအနီးတွင် နေထိုင်ကြသူများအနေနှင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနေထိုင်ကြရန် အသိ ပေးထားပါသည်။ ၎င်းအပြင် ပြည်တွင်းလေကြောင်း ပျံ သန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေနှင့် ကြိုတင်သတိပြုနိုင်ရန် အသိပေးထား ပါသည်။

#PAN