(၇)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏ အစည်းအဝေး(7th AMRI+3)သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်

စက်တင်ဘာ ၂၄

      (၇)ကြိမ်မြောက် အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏အစည်းအဝေး (7th AMRI+3)ကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ယမန်နေ့တွင် ကျင်းပရာ အာဆီယံနိုင်ငံများနှင့် မိတ်ဖက် သုံးနိုင်ငံမှ ပြန်ကြားရေးဝန်ကြီးများနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်၍ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်စိုးဝင်း၊ အမြဲတမ်းအတွင်း ဝန် ဦးမျိုးမြင့်မောင်နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရာက်ကြသည်။

အမှာစကားပြောကြား

        အစည်းအဝေးတွင် AMRI ဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Nguyen Manh Hung၊ ပူးတွဲဥက္ကဋ္ဌများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စီ ပြန်ကြားရေးဝန်ကြီး Mr. SUN YELI၊ ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nomura Eigo နှင့် ကိုရီးယားသမ္မတနိုင်ငံ ယဉ် ကျေးမှု၊ အားကစားနှင့် ညွှန်ကြားရေးမှူးခရီးသွားလာရေးဝန်ကြီးဌာန Mr. Nam Chanwoo တို့က အမှာစကား ပြောကြားကြသည်။

        ဆက်လက်ပြီး အိမ်ရှင်ဗီယက်နမ်နိုင်ငံက
သတင်းအချက်အလက်နှင့် မီဒီယာများမှတစ်ဆင့်
အာဆီယံ + ၃ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး
လုပ်ငန်းစီမံချက် ၂၀၁၈-၂၀၂၃ အကောင် အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို တင်ပြရာ အဆိုပါ လုပ်ငန်းစီမံချက်များအား ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးနိုင်ရန် တက်ရောက်လာသည့် အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံမှ ဝန်ကြီးများက ဆွေးနွေးသဘောတူခဲ့ကြသည်။

        ထို့နောက် (၁၆)ကြိမ်မြောက် အာဆီယံ ပြန် ကြားရေးဝန်ကြီးများ(AMRI)၏ အစည်းအဝေး
နှင့် ဆက်စပ်အစည်းအဝေးများနှင့် ပတ်သက်သည့် ပူးတွဲမီဒီယာထုတ်ပြန်ချက်မူကြမ်းနှင့် အထွေထွေကိစ္စရပ်များအပေါ် သဘောတူခဲ့ကြသည်။

        အာဆီယံဒေသတွင်း လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးများ မြှင့်တင်ပေးရန်၊ မီဒီယာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် New Media အပါအဝင် မီဒီယာကွန်ရက်ချိတ်ဆက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်တို့အတွက် မဟာဗျူ ဟာများချမှတ်၍ လက်ရှိလုပ်ငန်းစီမံချက်အား ၂၀၂၅ အထိ သက်တမ်းတိုးရန် အတည်ပြုကြသည်။

အသိပေးတင်ပြ

         ဆက်လက်ပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ
ကျင်းပမည့် ဘရူနိုင်းနိုင်ငံက (၈)ကြိမ်မြောက်
အာဆီယံနှင့် မိတ်ဖက် သုံးနိုင်ငံ ပြန်ကြားရေးဝန်ကြီးများ၏ အစည်းအဝေး(8th AMRI+3) ကျင်းပမည့် နေ့ရက်နှင့်အချိန်အား အသိပေးတင်ပြပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပပြီးစီးသည်။

           ခရီးစဉ်အတွင်း အိမ်ရှင်ဗီယက်နမ်နိုင်ငံ၏
စီစဉ်ပေးမှုဖြင့် တက်ရောက်လာကြသည့် ကိုယ် စားလှယ်များသည် ဒါနန်းမြို့၏ အနောက်တောင်ဘက်ကီလိုမီတာ ၄၀ အကွာတွင်ရှိသော BaNa တောင်ပေါ်သို့ မီတာ၅၀၀၀ ကျော်ရှည်လျားသည့် ကေဘယ်လ်ကားဖြင့် သွားရောက်လည်ပတ်ခဲ့သည်။ တောင်အောက်ခြေမှ အမြင့် ၁၃၆၈ မီတာအထိ တက်နိုင်သဖြင့် အမြင့်ဆုံးတက်နိုင်သည့် ကေဘယ်လ်ကားလည်းဖြစ်သည်။ BaNa တောင်ပေါ်တွင် ပြင်သစ်ဘုရင်မကြီး၏နွေရာသီစံအိမ်အဖြစ် အသုံးပြုခဲ့သောနေရာဖြစ်သည့် Old French Villas အား ဒေသခံခရီးသွားအဖွဲ့အစည်းမှ ခရီးသွားများ လည်ပတ်စရာ နေရာအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယခုအခါ တောင် ပေါ်အပန်းဖြေစခန်းအဖြစ် လည်းကောင်း၊ ဟိုတယ် အဖြစ်လည်းကောင်း ဖွင့်လှစ်ထားရှိပြီး အေးမြသည့်ရာသီဥတုကိုခံစားရင်း ရဲတိုက်အဆောက် အအုံများ၊ ပန်းခင်းများဖြင့် ပုံဖော်စိုက် ပျိုးထားသည့် သာယာလှပသောရှုခင်းများနှင့် အတူ ဓာတ်ပုံရိုက်ကူးနိုင်သည့်အပြင် အလှဓာတ်ပုံများရိုက်ရန် အကောင်းဆုံး နေရာလည်းဖြစ်သော မီတာ ၁၅၀ ရှည်လျားသည့် Golden Bridge (ခေါ်) လက်ချောင်းတံတားနှင့် ပန်းဥယျာဉ်သို့လေ့လာရေးခရီး သွား ရောက်လည်ပတ်ခဲ့သည်။ ဒါနန်းမြို့သို့ လာရောက်လည်ပတ်သည့် ပြည် တွင်း၊ ပြည်ပခရီးသွားများ သွားရောက်လေ့လာလေ့ရှိသည့် အထင်ကရ နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

       ညနေပိုင်းတွင် AMRI၊ SOMRI နှင့် ဆက်စပ်
အစည်းအဝေးများသို့ တက်ရောက်လာကြသည့်
အာဆီယံကိုယ်စားလှယ်များအား ဒါနန်းမြို့ အုပ်ချုပ်ရေးအဖွဲ့က နှုတ်ဆက်ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

#PAN