မြင်းမူမြို့နယ်၊ခြေရာတော်ရွာအနီး မြင်းမူ – မြောင် ကားလမ်းပေါ်တွင် သတင်းအရ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်စောင့်ဆိုင်းတိုက်ခိုက်၊ အကြမ်းဖက်သမား PDF ၂၅ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၂၃

      စစ်ကိုင်း တိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ခြေရာတော်ရွာအနီး မြင်းမူ – မြောင် ကားလမ်းတစ်လျှောက်တွင် အကြမ်းဖက်သမား PDF များ မော်တော်ယာဥ်နှင့် ဆိုင်ကယ်များဖြင့် ဖြတ်သန်းရန်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်း ပေးပို့လာမှုကြောင့်  နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်​နေ့ ညက အဆိုပါကားလမ်းတွင် ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့သည်။

        ယနေ့ နံနက် ၄ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သမား PDF များသည် ယင်းလမ်းအတိုင်း မော်တော်ယာဥ်၊ ဆိုင်ကယ်များဖြင့် ဖြတ်သန်းလာရာ  နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား PDF များ အငိုက်မိကာ ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါသည်။


                         
        အဆိုပါ ကင်းပုန်းဝပ် စောင့်ကြိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား PDF ထံမှ လက်လုပ်သေနတ်အရှည် ၈ လက်၊ လက်လုပ်သေနတ်အတို ၂ လက်၊ ကျည်အိမ် ၈ ခု၊ ၁၂ ဗို့ကျည် ၂၀၀ တောင့်၊ အမ်-၂၂ ကျည် ၈၀ တောင့်၊လက်လုပ်မိုင်း ၂ လုံး၊ ရီမုဆားကစ်ပြား ၂ ခု၊ ဝါယာကြိုး ၁ ခွေ၊ ဆိုင်ကယ်ဘက္တရီ ၁၁ လုံး၊ ပြောက်ကျားဉီးထုပ် ၆ လုံး၊ ပြောက်ကျားအင်္ကျီ ၉ ထည် ၊ ပြောက်ကျားဘောင်းဘီ ၅ ထည်၊ အိုင်ကွန် ၁ လုံး၊ အိုင်ကွန်အားသွင်းခုံ ၂ ခု၊ ညကြည့်မှန်ပြောင်း ၁ လက် တို့နှင့်အတူ အကြမ်းဖက်သမား PDF ၂၅ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

        အကြမ်းဖက်သောင်းကျန်းသူများ၏ အစွန်း ရောက်အကြမ်းဖက်ဝါဒကို အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထုက ထောက်ခံအားပေးခြင်းမရှိတော့ဘဲ ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့၊ နယ်မြေခံ တပ်မတော် တပ်ရင်း/တပ်ဖွဲ့များသို့ ယခုလို လျှို့ဝှက် သတင်းပေးပို့ခြင်းဖြင့် အကူအညီပေးလာကြကြောင်း သိရပါသည်။

#PAN