ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါး တင်း ၁၀၀ ကို ကျပ်သိန်း ၂၀ အထိ သတ်မှတ်

စက်တင်ဘာ ၂၂

      မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ၂၀၂၃ ခုနှစ် မိုးစပါးပေါ်ထွက်ချိန်တွင် စပါးတင်း ၁၀၀ ကို ကျပ် သိန်း ၂၀ အထိ ဈေးသတ်မှတ်ဝယ်ယူကြရန် ရည်ညွှန်းဈေးကို သတ်မှတ်ထုတ်ပြန်အသိပေး ဆောင်ရွက်ထားရှိကြောင်း သိရပါသည်။

       ရည်ညွှန်းဈေးနှုန်းများအနေနှင့် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ ကို ကျပ် ၁၈ သိန်းမှ ကျပ်သိန်း ၂၀ အတွင်း ၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ စပါးတင်း ၁၀၀ ကို ကျပ် ၁၆ သိန်းမှ ကျပ် ၁၈ သိန်းအတွင်းနှင့် ဧည့်မထ/ငစိန်စပါး တင်း ၁၀၀ ကို ကျပ် ၁၃ သိန်းမှ ကျပ် ၁၅ သိန်းအတွင်း သတ်မှတ်ပြီး အရောင်းအဝယ်ပြုလုပ်ကြရန် ထုတ်ပြန်ချက်၌ ဖော်ပြထားပါသည်။

        သတ်မှတ်ထားသည့် ရည်ညွှန်းဈေး အတွင်း ရောင်းသူနှင့် ဝယ်သူအကြား စပါးအမျိုးအစားအလိုက်၊ စပါးအရည်အသွေး အလိုက်၊ စပါးအစိုဓာတ် အလိုက် ဈေးနှုန်းသတ်မှတ် ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရပါသည်။

        ၎င်းအပြင် ယခုသတ်မှတ်ထားသည့် စပါးဈေး နှုန်းများနှင့် ဝယ်ယူရန် အခက်အခဲရှိပါက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းတွေ၊ ကုန် စည်ဒိုင်များကို အသိပေးရန်နှင့် ယင်းဈေးနှုန်းများထက်ပိုပြီး ဈေးပေးဝယ်ယူခြင်းများရှိလျှင်လည်း ဖော်ထုတ်တင်ပြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေး ထုတ်ပြန်ထားပါသည်။

#PAN