မြန်မာနိုင်ငံကို အဆင့်မြင့် နျူကလီးယားနည်းပညာများ လေ့ကျင့်ပေးဖို့ တရုတ်နိုင်ငံထံ မြန်မာသံအမတ် တောင်းဆို

စက်တင်ဘာ ၁၈

         နျူကလီးယားနည်းပညာနှင့် ပတ်သက်ပြီး အဆင့်မြင့်တိုးတက်နေပြီဖြစ်သည့် တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ကျန်းမာ ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် နျူကလီးယားအဆင့်မြင့်နည်းပညာများ အသုံးပြုနိုင်ရေး ကျွမ်းကျင်ပညာရှင်များကို လေ့ကျင့်ပေးစေလိုကြောင်း မြန်မာသံအမတ် ဦးခင်မောင်ဆွေ က တရုတ်နိုင်ငံသို့ တောင်းဆိုခဲ့ကြောင်း သိရပါ သည်။

        စက်တင်ဘာလ ၁၆ ရက်က တရုတ်နိုင်ငံ၊ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပသည့်  ဒုတိယအကြိမ်မြောက် အာဆီယံ – တရုတ် နျူကလီးယားနည်းပညာကို ငြိမ်း ချမ်းစွာ အသုံးပြုခြင်းဖိုရမ်၌ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

        နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာ အသုံးပြုခြင်းသည် စွမ်းအင်ကဏ္ဍ၊စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့မှာ များစွာအသုံးဝင်၍ ပြည်သူလူထုရဲ့ လူနေမှုဘဝ အရည်အသွေးကို မြင့်တက်စေကြောင်းလည်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်ဆွေက ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။

        ၎င်းအပြင် “Atoms for Better Home” ဆောင်ပုဒ်မှာ လက်ရှိနည်းပညာရေစီးကြောင်းနှင့် ကိုက်ညီမှုရှိသည့်အပြင် တရုတ်နိုင်ငံမှ နျူကလီး ယားနည်းပညာနှင့် ထုတ်လုပ်သည့် ထုတ်ကုန်များကို အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိ နေပြီဖြစ်ကြောင်း ထောက်ပြပြောဆိုသွားခဲ့ပါသည်။

       တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနုမြူစွမ်းအင် အာဏာပိုင်အဖွဲ့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့် China National Nuclear Corporation တို့ ပူးတွဲကျင်းပခဲ့တဲ့ “အာဆီယံ-တရုတ် နျူကလီးယား နည်းပညာ ကို ငြိမ်းချမ်းစွာအသုံးပြုခြင်း ဖိုရမ်” သို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ အနုမြူစွမ်းအင်အာဏာပိုင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် China National Nuclear Corporation  ဥက္ကဋ္ဌ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ်တို့လည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN