ဂျာမနီက အိန္ဒိယမှ ရေနံထွက်ကုန်များတင်သွင်းမှု ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၁၂ ဆမြင့်တက်

စက်တင်ဘာ ၁၇

       ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ ဥရောပသမဂ္ဂ(အီးယူ)က မော်စကိုမှ လောင်စာဆီတင်သွင်း မှုအားလုံးကို ပိတ်ပင်ခဲ့ပြီးနောက် ဂျာမနီနိုင်ငံက ရုရှားရေနံစိမ်းအမြောက်အမြား ဝယ်ယူလျက်ရှိသည့် အိန္ဒိယ နိုင်ငံမှတစ်ဆင့် ရေနံထွက်ပစ္စည်းများ ဝယ်ယူတင်သွင်းလျက်ရှိသည်။
ဒါစပိုင်ဂျယ်သတင်းဌာန၏ စက်တင်ဘာလ ၁၃ ရက်က ဖော်ပြသည့် အသတင်းအချက်အလက်များအရ ဂျာမနီ၏ အိန္ဒိယမှ ရေနံထွက်ကုန်များတင်သွင်းမှုသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ၁၂ ဆ မြင့်တက်သွားခဲ့သည်။

      အဆိုပါကုန်များ၏ တန်ဖိုးသည် ၂၀၂၂ ခုနှစ် ပထမခုနစ်လအတွင်း ယူရို ၃၇ သန်း(အမေရိကန်ဒေါ်လာ ၃၉ သန်း)ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၄၈၄ သန်းအထိ မြင့်တက်လာခဲ့ သည်ဟု တရားဝင် အချက် အလက်များတွင်ဖော်ပြသည်။

        အိန္ဒိယမှ တင်သွင်းမှုမှာ အဓိကအားဖြင့် ဒီဇယ်နှင့်ဓာတ်ငွေ့လောင်စာဆီများဖြစ်ပြီး အိန္ဒိယက ရုရှား ရေနံစိမ်းများကိုဝယ်ယူပြီး ရေနံထွက်လောင်စာဆီအများအပြား ထုတ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။

       ဂျာမနီသည် ဥရောပသမဂ္ဂမှ ရုရှား၏ ရေနံအများဆုံးဝယ်ယူသည့် နိုင်ငံဖြစ်ပြီး အီးယူက ရုရှားမှ လောင်စာဆီတင်သွင်းမှု အရေးယူပိတ်ဆို့မှုစတင်ခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှစ၍ ပိုက်လိုင်းများမှတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုကို ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း ဒါစပိုင်ဂျယ်သတင်းဌာန၏ အချက်အလက်များအရ အိန္ဒိယမှ ဝယ်ယူသော ရုရှားရေနံကို ဂျာမနီက ပုံစံတစ်မျိုးဖြင့် ဝယ်ယူနေခြင်းဖြစ်သည်။

#PAN