မြန်မာကျပ်ငွေနှင့် ရုရှားနိုင်ငံသုံး ရူဘယ် တို့အကြား MIR Payment System ကတ် အသုံးပြု၍ တိုက်ရိုက်ပေးချေနိုင်

စက်တင်ဘာ ၁၆

      MIR Payment System အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ မြန်မာငွေပေးချေမှုအဖွဲ့ (MPU) က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် MPU နှင့် ရုရှားနိုင်ငံ National Payment Cards System(NPSK) တို့အကြား Non-Disclosure Agreement(NDA)အား လက်မှတ်ရေးထိုးထားရှိပြီး နှစ်နိုင်ငံနားလည်မှုစာချွန်လွှာကိုပါ လက်မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်ကြောင်း နစက၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါသည်။

         မြန်မာနိုင်ငံ၏ MPU နှင့် ရုရှားနိုင်ငံ၏ MIR တို့အကြား ဆက်သွယ်မှုကွန်ရက်များလည်း ချိတ်ဆက်ထားရှိပြီး Host to Host Connectivity Testing များကိုပါ ပြုလုပ်နိုင်ရန် ဆက်လက်ဆွေးနွေးလျက်ရှိကြောင်း ပါဝင်ပါသည်။

         MIR Payment System ကတ် အသုံးပြုခြင်းအားဖြင့် အားသာချက်မှာ အမေရိကန်ဒေါ်လာအသုံးပြုမှုအပေါ် မှီခိုနေရမှုမှ လျော့နည်းလာနိုင်ပြီး မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် လွယ်ကူစေနိုင်မည့်အပြင် မြန်မာနိုင်ငံ၏ ငွေပေးချေမှုရပ်ဝန်းလည်း ပိုမိုကျယ်ပြန့်၍ လျင်မြန်စွာဖြင့် ဆောင် ရွက် လာနိုင်မည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားပါသည်။

        မြန်မာနိုင်ငံအနေနှင့် အခြားနိုင်ငံများသို့ ငွေပေးချေမှုရပ်ဝန်း ပိုမိုကျယ်ပြန်လာစေရေး ရည် ရွယ်ချက်ဖြင့် ယွမ်-ကျပ်၊ ဘတ်-ကျပ်၊ ရူပီး-ကျပ် တို့ကို တိုက်ရိုက်ပေးချေနိုင်ရေးဆောင်ရွက်ထားပြီးဖြစ်ကြောင်းနဲ့ ရုရှားနိုင်ငံနှင့် ရူဘယ်-ကျပ် ပေးချေ နိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မည်သည့် ဘဏ်ကမဆို ပေးချေမှုများ ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်းတို့ ပါဝင်ပါသည်။

       မြန်မာနိုင်ငံနှင့် ယခုလို ချိတ်ဆက်ဆောင်ရွက်ခဲ့သည့် MIR Payment System သည် ရုရှားနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၇ ခုနှစ် မေလ ၁ ရက်တွင် အတည် ပြုပြဋ္ဌာန်းခဲ့သော ငွေလွှဲပြောင်းမှုအတွက် ရုရှားငွေပေးချေမှု စနစ်တစ်ခု ဖြစ်ပါသည်။

#PAN