(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး 20th ASEAN Air Chiefs Conference ( 20th  AACC )သို့ တက်ရောက်ရန် အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ရောက်ရှိ၊ နှစ်နိုင်ငံသီးခြားစီ တွေ့ဆုံဆွေးနွေး၊ အစည်းအဝေးကျင်းပ၊ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

စက်တင်ဘာ ၁၄

     မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး 20th ASEAN Air Chiefs Conference (20th AACC ) သို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

          ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အစည်းအဝေးသို့ တက်ရောက် လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား အဆိုပါနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ တစ်နိုင်ငံချင်းစီ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ရာ အာဆီယံ လေတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များသည်လည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများ အပြန် အလှန် ပြုလုပ်ခဲ့ ကြသည်။

         ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်း အဝေး(20th AACC)ကို နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

        ဦးစွာ အခမ်းအနားအစီအစဉ်များကို ဖတ်ကြားတင်သွင်းအတည်ပြုပြီးနောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အာဆီယံလေ တပ်ဦးစီးချုပ်များအစည်းအဝေး အဆက်ဆက် ၏ အမှတ်တရ Short Video Clip အား ပြသခဲ့သည်။ ထို့နောက် သဘာပတိ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က (၂၀) ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး အစည်းအဝေးကိုဖွင့်လှစ်ပေးသည်။ ထို့နောက် ဆွေးနွေးပွဲခေါင်းစဉ် ဖြစ်သော ” ASEAN Air Forces’ Cooperation for Sustainable Environment ” အကြောင်းအရာအား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက အသီးသီး ဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံလေတပ် ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သီးခြား ဆွေးနွေးလိုသော အချက်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်း အဝေး၏ ဆုံးဖြတ်ချက်များအား အတည်ပြုခဲ့ကြ သည်။

          ဆက်လက်၍ သဘာပတိ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က နိဂုံးချုပ်အမှာစကားပြောကြားပြီး (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်း အဝေးတွင် အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen.Soeung Samnang ထံသို့ ဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ပြီး ကမ္ဘောဒီးယားနိုင်ငံ လေတပ်ဦးစီးချုပ်က နှုတ်ခွန်းဆက်စကား ပြန် လည်ပြောကြားခဲ့သည်။ ထို့နောက် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်း အဝေး ဆွေးနွေးညှိနှိုင်း သဘော တူညီချက်များအား အတည်ပြုလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

        ညနေပိုင်းတွင် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး      (20th AACC)သို့ တက်ရောက်လာကြသည့် လေတပ်ဦးစီးချုပ်များအား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)ရှိ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ အာဆီယံနိုင်ငံများမှ လေတပ်ဦးစီးချုပ်များ၊ တပ်မတော်(လေ)မှ အရာရှိကြီးများနှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကာ ကာကွယ် ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များအား ခင်မင်ရင်းနှီးစွာနှုတ်ဆက်ခဲ့ပြီး စုပေါင်း အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

        ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က နှုတ်ခွန်းဆက်စကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ညစာကိုအတူတကွ ရင်းရင်းနှီးနှီး သုံးဆောင်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များက အကအလှတေးသံသာများဖြင့် ကပြသီဆို ဖျော်ဖြေ ခဲ့ကြသည်။

       ထို့အပြင် (၂၀)ကြိမ်မြောက် အာဆီယံလေ တပ်ဦးစီးချုပ်များအစည်းအဝေး(20th AACC) ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော (၁၀)ကြိမ်မြောက် အာဆီယံလေတပ်များပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး 10th ASEAN Air Forces Education and Training – Working Group Meeting( 10th AAFET-WG ) အား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)၊ အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ အာဆီယံ ၁၀ နိုင်ငံ လေတပ်များ၏  တက်ရောက်လာကြသော ကိုယ်စားလှယ်များက “Advancing Education and Training Exchanges for Sustainable Environment Amongst ASEAN Air Forces” အကြောင်းအရာအား ဆွေးနွေးခဲ့ကြပြီးနောက် သဘာပတိကဆွေးနွေးပွဲအနှစ်ချုပ်ကို ဖတ်ကြား ခဲ့ကြောင်း သိရှိရသည်။

      (၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (11th AACC) အား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်‌နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး၊ ယခုကျင်းပသည့် အစည်းအဝေးသည် ဒုတိယအကြိမ် အိမ် ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

       အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်များအနက် ဥာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့ပြီး ကျောက်စာရုံစေတီတော်များနှင့် သာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရှိရသည်။

        ယနေ့နံနက်ပိုင်းတွင်ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဇနီးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ် ဦးစီးချုပ်များ၏ ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထပ်မံဖူးမြော် ကြည်ညိုခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ကျောက်မျက် ရတနာ ပြတိုက်သို့ သွားရောက်လေ့လာရာ ပြတိုက်တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသ ခဲ့သည်။ မွန်းလွဲပိုင်းတွင် တည်းခိုရာဟိုတယ်၌ လေတပ်စခန်းဌာနချုပ်နှင့် လေတပ် စခန်းအသီးသီးတို့မှ ခင်းကျင်း ပြသထားသော ရိုးရာယဉ်ကျေးမှုနှင့် အိမ်တွင်းလက်မှု လုပ်ငန်းဆိုင်ရာပြခန်းများသို့ သွားရောက်ပြီး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြရာ ပြခန်းတာဝန်ခံများမှ သိရှိလိုသည်များအား ရှင်းလင်းပြသခဲ့ကြောင်း သတင်း ရရှိသည်။

#PAN