အမြန်လမ်းတွင် လမ်းဘေးချရပ်၍ စက်ပြင်နေသောယာဉ်အား အခြားယာဉ်တစ်စီးမှဝင်တိုက်မိရာမှလူသေဆုံး

စက်တင်ဘာ ၁၁

      

အမြန်လမ်းတွင် လမ်းဘေးချရပ်ပြီး ကားအောက်တွင် စက်ပြင်နေသောယာဉ်အား အခြားယာဉ်တစ်စီးမှဝင်တိုက်မိရာမှ လူသေဆုံးမှုဖြစ်စက်တင်ဘာ ၁၁ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ဒိုက်ဉီးမြို့နယ်၊ ဘောနီအမြန်လမ်းရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅၇/၅ နှင့် ၅၇/၆ကြားတွင် စက်ချို့ယွင်းတာကြောင့် ယာဥ်အောက်တွင် စက်ဝင်ပြင်နေသူအား အခြားမော်တော််ယာဥ်တစ်စင်းမှဝင်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် စက်ပြင်သူသေဆုံးသွားကြောင်း သိရသည်။

ရန်ကုန်ဘက်မှ မောင်းနှင်လာသော ဦးမြင့်လွင်ဦး(၆၂)နှစ်၊(ဘ)ဦးထွန်းအောင်(ယာဉ်မောင်းလိုင်စင်ရှိ)၊ ဇာနည်(၁၀)လမ်း၊(၉)ရပ်ကွက်၊တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင်၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးအေးမြင့် (၆၃)နှစ်၊(လိပ်စာတူ)နေသူတို့ လိုက်ပါလာသော Hilux surf အမျိုးအစား(အပြာရောင်)ယာဉ်သည် အခင်းဖြစ်နေရာအရောက် မိုးရွာသွန်းနေစဉ် လမ်းကွေ့ကြော၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေး မြေသားလမ်းပေါ်၌ရှိသော Nissan Clipper ခွေးဘီလူး(အဖြူရောင်)ယာဉ်ပျက်နေ၍ တစ်ဦးထဲ ယာဉ်အောက်ထဲဝင်၍ ပြင်နေသော ဦးရွှေဝါအောင်(၃၉)နှစ်၊(ဘ)ဦးထွန်းကျန်၊ဥယျာဉ်စုကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊နေပြည်တော်နေသူနှင့် ယာဉ်ပျက်၍ အနီးရှိကျေးရွာမှ လာရောက်ကူညီနေပေးနေသော ကိုဇော်မင်းသန်း(၄၆)နှစ်၊(ဘ)ဦးတင်မြင့်၊ဘောနီကျေးရွာ၊ ဒိုက်ဦးမြို့နယ်နေသူတို့အား Hilux Surfယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အရှိန်မထိန်းနိုင်ပဲဝင်ရောက်တိုက်ခတ်မှုကြောင့် ယာဉ်အောက်၌ ဝင်၍ စက်ပြင်နေသူ ဦးရွှေဝါအောင်မှာ မျက်နှာယာဘက်နဖူးရိုးကျိုး၊မျက်လုံးနှစ်ခုကြား ဦးခေါင်းခွံရိုးဉကွဲကြေဒဏ်ရာဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်အားလာရောက်ကူညီပြင်ပေးနေသူ ကိုဇော်မင်းသန်းတွင် ဦးခေါင်းဝဲဘက်နားအောက်ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ယာဒူးခေါင်းပေါက်ပြဲဒဏ်ရာ သတိကောင်းစွာမရ(စိုးရိမ်ရ)ဒဏ်ရာတို့ရရှိခဲ့ပြီး ယာဉ်နှစ်စီးမှာပျက်ဆီးခဲ့ရသည်။

သေဆုံးသူနှင့်ဒဏ်ရာရရှိသူတို့အား ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လျှက် ဆေးကုသပေးနေကြောင်းသိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယခုနှစ်သြဂုတ်လအတွင်းက. သတ်မှတ်အရှိန်နှုန်းထက်ကျော်လွန်မောင်းသဖြင့် ဖမ်းဆီးအရေးယူမှု (၁၀၁၃) မှု၊ အသက်ကယ်ထိုင်ခုံခါးပါတ်မပတ်သဖြင့်ဖမ်းဆီးအရေးယူမှု (၁၃၇) မှု ၊ယာဉ်မတော်တဆမှု (၉ )မှု ၊ လူသေဆုံးမှု (၃)ဉီး ၊ ထိခိုက်ဒဏ်ရာရ (၂၉) ဉီး၊ ကာလတန်ကြေးဆုံးရှုံးမှု (၁၅၆) သိန်းကျော်ရှိခဲ့ကြောင်းသိရသည်။ အမြန်လမ်းမကြီးတစ်လျှောက်တွင် အရှိန်နှုန်းတိုင်းတာစက် (၁၈)လုံးဖြင့် အမြန်လမ်း၏ (၁၁)နေရာတွင် စောင့်ကြည့်ဖမ်းဆီး ပညာပေးနေကြောင်း သတင်းထုတ်ပြန်ချက်များအရသိရကြောင်း သတင်းရရှိပါသည်

#PAN