စက်တင်ဘာ ၈
ယနေ့ မွန်းလွဲ ၂ နာရီခန့်က ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ခရီးသည်များတင်ဆောင်လာသော Express ယာဉ်တစ်စီးသည် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၉၂/ ၁ နှင့် ၉၂/ ၂ အကြား ကျောက်တံခါးမြို့နယ် သံပုရာခုန်ရွာအနီးတွင် အရှိန်လွန်၍တိမ်းမှောက်ခဲ့ပြီး လူသေဆုံးခဲ့ပြီး လူအများထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာရန်ကုန် မှနေပြည်တော်သို့ ယာဉ်မောင်း ဇော်ထက် မောင်းနှင်လာသော YUTONG အမျိုးစား(ခရမ်းရောင်) “ရွှေမန်းသူယာဉ်လိုင်း”မှ ခရီးသည်တင် EXPRESSသည် အခင်းဖြစ်နေရာအရောက်တွင် ယာဉ်မောင်းအိပ်ငိုက်၍ လမ်း၏ယာဘက်မြေသားလမ်းပေါ်သို့ရောက်ရှိကာ အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိ၍ ရေနုတ်မြောင်းပေါ်တွင် အလျားလိုက် လဲကျတိမ်းမှောက်ရပ်တန့်သွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါစီးနင်းလာသော ယာဉ်မောင်းပါ စုစုပေါင်း(၂၃)ဦးအနက်မှ ဒေါ်ခင်လှမျိုး (၆၁)နှစ်၊ (ဘ)ဉီးစောလွင် ၊ ဇဗ္ဗူသီရိမြို့နယ် ၊နေပြည်တော်နေသူသည် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ကျန်ခရီးသည်များအနက်မှ ကျား(၄)ဦး၊ မ(၁၁)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ဆေးကုသနေရကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ လူသေဆုံး/ဒဏ်ရာများရရှိအောင်ပြုလုပ်သူ ယာဉ်မောင်း ဇော်ထက်အား ဥပဒေ အရ အရေးယူပေးရန် ဒုရဲအုပ် နိုင်လင်းထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြို့ချောင်းအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၁၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၃၃၈/၂၀၂ အရ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
#PAN