ကျိုင်းတုံမြို့တွင် ​မိုးကြီးရေလျှံခြင်းကြောင့် မိသားသားစု ၄ ဦးနေထိုင်သည့် အုတ်စိမ်း(မြေကြီး)နေအိမ်ပြိုကျ

သြဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့တွင် သြဂုတ်လ ၂၉ ရက်နေ့ညတွင် မိုးရေချိန်များပြားပြီး အချိန်ကြာမြင့်စွာရွာသွန်းခဲ့သည့်မိုးကြောင့် မိသားစု၀င်(၄)ဦးနေထိုင်ရာ အုတ်စိမ်း(မြေကြီး)ဖြင့်တည်ဆောက်ထားသည့်နေအိမ်တစ်လုံးပြိုကျပျက်စီးသွားသည်ဟုသိရသည်။

အချိန်ကြာမြင့်စွာ အဆက်မပြတ်ရွာသွန်းခဲ့သည့် မိုးရေများသည် လမ်းဘေးရေမြောင်းများပိတ်ဆို့နေခြင်း၊ အမှိုက်များပိတ်ကာ ရေဆိုးများမစီးနိုင်တော့သည့်အတွက် ထရပ်ကွက်(၄)၊ ကျိုင်းလိတ်ရပ်၊ အနိမ့်ပိုင်းနေရာများနှင့် ရပ်ကွက်တွင်းလမ်းများ၊ လူနေအိမ်ခြံ၀န်းအတွင်းသို့ ရေများဝင်ရောက်လာကာရေကြီးရေလျှံခြင်းများဖြစ်ခဲ့ကြောင်း သိရသည်။

ကျိုင်းလိတ် ရပ်ကွက်အတွင်းအနိမ့်ပိုင်းနေရာများ နေအိမ်မျာမှား ရေ၀ပ်သည့်ဒဏ်ကိုနာရီပေါင်းကြာမြင့်စွာခံနေပြီး မိုးသည်အဆက်မပြတ်ပင်ဆက်လက်ရွာနေခြင်းကြောင့် အိမ်ရှင် ဒေါ်နန်းဖူး နှင့်မိသားစု၀င်(၃)ဦးနေထိုင်သည့် အုတ်စိမ်း(မြေကြီး)ဖြင့်တည်ဆောက်ထားသည့်နေအိမ်မှာ ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၆နာရီခွဲတွင် ပြိုကျပျက်စီးသွားကြောင်း သိရသည်။

ပြိုကျပျက်စီးသွားသည့်နေအိမ်အား ကျိုင်းတုံမြို့ရှိ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းရှင်းလင်းခဲ့ကြကြောင်း သိရှိရသည်။

#PAN