ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌဟောင်းဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့်ဒူးပလာ ယာခရိုင်ဥက္ကဌပဒိုစောရွှေမောင်းတို့အားငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆုဂုဏ်ပြုချီးမြှင့်

သြဂုတ် ၃၀

      ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ဒူပလာ ယာခရိုင်ဥက္ကဌပဒိုစောရွှေမောင်းတို့အား ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၀င်းရော်ဒေသခံများကငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆုဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်ဖားပြကျေးရွာရှိ မင်္ဂလာသိပ္ပံဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအားဂုဏ်ပြုချီးမြှင့်နိုင်ရန် ဖားပြကျေးရွာဒေသခံတို့မှ ဆန္ဒသဘော ထားရယူပြီးကော်မတီတစ်ရပ် ဖွဲ့စည်းကာငြိမ်း ချမ်းရေးစွမ်းဆောင်ရည်ဆုကို ချီးမြှင့်ပေးအပ်ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

     ဖားပြကျေးရွာမင်္ဂလာသိပ္ပံကျောင်း ဆရာ တော် ဦးပညာစာရက  ကျေးဇူးတရားကိုပြန်လည်သိတတ်ခြင်း၊ပတ်၀န်းကျင်ကိုအပြုံးလေးဖြင့်ဆက်ဆံခြင်း၊ကြင်နာတတ်သည့်စိတ်ထားရှိခြင်း၊သူတစ်ပါးနောက်ကွယ်တွင် ကောင်းသတင်းပြောခြင်း၊စကားပြောဆိုရာတွင်မိမိကိုယ်ကိုယ်နှိမ့်ချပြောဆိုခြင်း၊အောင်မြင်လာသည့်အခါတွင်ဘ၀ကိုမမေ့ခြင်း၊နာခံတတ်သည့်အလေ့အကျင့်ရှိခြင်း၊အမျိုးသားတော်လှန်ရေးတစ်လျှောက်တွင်၎င်းတို့ပေးဆပ်ခဲ့မူနှင့်ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ခဲ့မူ အပေါ် ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းဖြစ် ကြောင်း ချီးမွမ်းမိန့်ကြားခဲ့ပါသည်။

    တဆက်တည်းမှာပင် ဖားပြကျေးရွာမွေးရပ်ဇာတိဖြစ်သူ ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းကိုလည်း ၀င်းရော်ဒေသကျေးရွာတာ၀န်ရှိသူများနှင့်ဒေသခံတို့ကဂုဏ်ပြုချီးမြှင့်သင့်သည်ဟုဆန္ဒသဘောထားရှိကြသဖြင့် ချီးမြှင့်ဂုဏ်ပြုပေးအပ်ခြင်းဖြစ်ကြောင်း သိရပါသည်။

     ဂုဏ်ပြုပွဲအခမ်းအနားသို့ KNU ၀င်းရေးမြို့ နယ်ဌာနဆိုင်ရာအုပ်ချုပ်ရေးတာ၀န်ရှိသူများနှင့် ( KNLA )တပ်ရင်း ၁၆မှအရာရှိများ၊ (DKBA) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် မှတာ၀န်ရှိသူများအပါအ၀င် ၀င်းရော်ဒေသခံလူထုအင်အား ၃၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

       အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ  “မိမိတို့တွင်ချစ်သူနှင့်မုန်းသူများကြား ရှိနေသည့်အပေါ်တွင်ဒေသခံများကလက်ခံဂုဏ်ပြုပေးကြသည့်အတွက်ကျေးဇူးတင်လျက်ရှိပြီး မိမိတို့တမျိုးသားလုံးဒုက္ခအခက်အခဲများအားတွေ့ကြုံခံစားမူမရှိစေအောင်ငြိမ်းငြိမ်းချမ်းချမ်းဖြင့်နေထိုင်နိုင်အောင် ငြိမ်းချမ်းရေးအတွက် နည်းလမ်းရှိလျှင်ရှိသလို ပြည်သူများနှင့်အတူဆောင် ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု သတင်းသိရှိရပါသည်။

#PAN