သြဂုတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု
အတွင်းရှိ ကျေးရွာများ၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ ၊ နမ့်ယွန်းကျေးရွာအုပ်စုအတွင်းရှိကျေးရွာများ၊ နှစ်မြို့နယ်အနေဖြင့်အနည်းဆုံး ၁၅ ရွာခန့်တွင် ကူးစက်ရောဂါတစ်မျိုးကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေသည့်ဖြစ်စဉ်မှုများ ကြုံတွေ့နေရပြီး ယနေ့အထိ သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့် တားဆီးကာကွယ်ရေးများ လာရောက် လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။
ယခုချိန် ဖြစ်ပွားနေသည့်ပုံံစံမှာ တုပ်ကွေးကြောင့်သေသည့် ပုံစံဖြစ်နေပြီး ကူးစက်ခံရသောဝက်များအနေဖြင့် ဖျားနာပြီး အစာမစားတော့ပဲ ၂ ရက်ခန့်သာသာတွင် သေသွားကြောင်း၊ ရောဂါ လက္ခဏာအနေဖြင့် သေသွားသည့် ဝက်များ၏ ပါးစပ်နှင့်စအိုမှ သွေးအနည်းငယ်ထွက်ခြင်းများရှိကြောင်း၊ ဝက်များသေသည့်အရေအတွက်များမှာ တစ်ရွာလျှင် အနည်းဆုံး အကောင်ရေ ၂၀ အထက်ရှိနေကြောင်း၊ ကြက်များ အနေဖြင့်ရွာလုံးကျွတ် ကုန်သလောက်နီးပါး သေနေကြောင်း၊ မိုင်းဖြတ်အုပ်စုအပြင် ယခင်လွန်ခဲ့သောရက်အနည်းငယ်က နမ့်ယွန်းရွာ၌လည်း ၀က်များ၊ ကြက်များ အရေအတွက်များပြားစွာသေနေကြောင်း၊ ယခုကဲ့သို့၀က်များ၊ ကြက်များအများအပြားသေနေသည့် ရွာသို့ သွားရောက်စုံစမ်းကြည့်ရာ ယနေ့ထိ တိမွေးကု( မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန)က လာရောက်စစ်ဆေကြည့်ရှ့ခြင်းလည်းမရှိသေးကြောင်း သိရပါသည်။
မိုင်းဖြတ်မြို့နယ်အတွင်း စတင်ဖြစ်ပွားသည့်နေ့ သြဂုတ်လ ၁၈ ရက်နေ့ကပင် တာ၀န်ရှိသူများကို သတင်းပေးပို့ထားသော်လည်း ၀က်များ၊ကြက်များအများအပြားသေနေသည့်ရွာတွင် နေထိုင်လျက်ရှိသည့် အုပ်စုအုပ်ချုပ်ရေးမှူးများကိုယ်တိုင်သိနေသော်လည်း မည်သည့်အရေးယူပေးမှု မရှိသကဲ့သို့ မြို့နယ်အုပ်ချုပ်ရေးအပိုင်းမှလည်း မည်သည့် စုံစမ်းစစ်ဆေးကြည့်ရှု့ခြင်းမျှ မရှိသေးကြောင်း၊ မိုင်းဖြတ်မြို့နယ်ရှိ ၀က်များသေနေသည့်ရွာများရှိ ဒေသခံတိုင်းရင်းသား များထံမှသိရှိရပါသည်။
အလားတူ တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စုထဲရှိ ရွာတော်တော်များများ၌ ၀က်များသေနေကာ စဖြစ်စဥ်က ထို၀က်များကို မြေမမြုပ်ကြဘဲ နီးစပ်ရာချောင်း၊ လျှိုအတွင်း တောအုပ်အတွင်း ပစ်နေကြခြင်းလည်းဖြစ်ကြောင်း၊ အခုချိန်က စပါးစိုက်ချိန်ဆို ကျွဲနွားတွေကို စုပေါင်းပြီး ထိန်းကျောင်းသည့်အနေဖြင့် ခြံခတ်ထားကြသည့် ဓလေ့များအရ ညနေတိုင်း ထိုကျွဲ နွားများကို ပုံမှန်သွားကြည့်ကြပြီး ထိုကဲ့သို့ ကျွဲနွားများကို သွားကြည့်ချိန်တွင် ခွေးများလည်း ပါသွားလေ့ရှိရာ အချို့ အသေကောင်များကို ခွေများက စားခဲ့ကြကြောင်း၊ အဆိုပါခွေးများ ရွာထဲရောက်ချိန်တွင် အော့အန်လိုက်သည့်အကြွင်းအကျန်အန်ဖတ်များ မှတဆင့် အနီးအနားမှ အိမ်မွေးတိရိစ္ဆာန်များတစ်ဆင့် ကြက်များ၊ ဝက်များသို့ ကူးစက်ရောဂါက ပျံ့နှံ့ခြင်းဖြစ်ကြောင်း၊ကြက်သေ၊ ဝက်သေများကို ချောင်းထဲ ပစ်ချနေသည့်လုပ်ရပ်များ အများဆုံးပြုလုပ်နေကြသဖြင့် ယခုချိန် မိုးရွာသွန်းသည့်ရက်များ ဆက်နေသည့်အတွက် ရေမှတဆင့်ကူးစက်နေသည့် ဖြစ်စဉ်များကြောင့်ပင် ပိုးများပျံ့နှံ့မှုနှုန်း၊ ကူးစက်မှုနှုန်းမြှင့်လာကာ ယခုထိ မရပ်နိုင်သေးခြင်းလည်းဖြစ် ကြောင်း ဒေသခံများထံမှ ကြားသိရပါသည်။
နွားများ၊ ကျွဲများသည် မသေသေးသည့် တိုင် အောင် စောင့်ကြည့်နေရဆဲဖြစ်ကြောင်း၊ သို့သော် ၀က်များသေနေခြင်းများကိုမူ မတားဆီနိုင်သေးကြောင်း၊ ဝက်များသေနှုန်း ပိုများမလာစေရန် အတတ်နိုင်ဆုံးတားဆီးကာကွယ်မှုများကို ရွာသားများက ၎င်းတို့အစီအစဥ်ဖြင့် ပြုလုပ်နေရကြောင်း” ဝက်မွေးမြူထားသည့် မိုင်းကိုးကျေး ရွာအုပ်စုအတွင်းရှိ ဒေသခံလုပ်ငန်းရှင်အချို့ ထံမှ သိရပါသည်။
တာချီလိတ်မြို့နယ်၊မိုင်းကိုးကျေးရွာအုပ်စုအပြင် မိုင်းဖြတ်မြို့နယ်မှ မိုင်းဖြတ်အုပ်စု၊ နမ့်ယွန်းအုပ်စုတွင်းရှိ ရွာများ၌ ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုမှာ ဇူလိုင်လနောက်ဆုံးပတ်ကစတင်ပြီး ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့အထိ ဖြစ်ပွားနေလျက်ရှိရာ သက်ဆိုင်ရာများအနေဖြင့်တားဆီးကာကွယ်ရေးများ လာရောက် လုပ် ဆောင်ပေးသင့်ကြောင်း ၊ အသိ ပညာပေးမှု၊ ကာ ကွယ်ဆေးထိုးနှံပေးမှုများလုပ် ဆောင်ပေးသင့်ကြောင်း ဒေသခံများတောင်းဆိုထားကြောင်း သတင်းရရှိပါသည်။
#PAN