မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး၌ ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီး၍ မကြာမီ ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်

ဩဂုတ် ၂၄

      ကရင်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်နေ့က မြဝတီ – ကော့ကရိတ်အာရှလမ်း မြေပြိုမှုဖြစ်ပွားခဲ့ရာ ယာဉ်သွားလာမှု ယာယီရပ်တန့်ခဲ့ရပြီး အဆိုပါလမ်းကို ယာဉ်များပြန်လည်သွားနိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လမ်းဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ဩဂုတ် ၁၀ ရက်မှစတင်ပြီး ယာယီဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


      အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကော့ကရိတ်မြို့ လမ်းဦးစီးဌာနမှ AE ဦးမိုးကျော် ဦးစီးအဖွဲ့သည် ဘက်ဟိုးယာဉ် ခြောက်စီး၊ မြေကော်စက် နှစ်စီး၊ မြေညှိစက်(ဒိုဇာ) တစ်စီးတို့ဖြင့် လမ်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် လမ်းပျက်စီးခဲ့သည့်နေရာ၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ယာယီရှောင်ကွင်း မြေသားလမ်းဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းကို မြဝတီမြို့ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ကျောက်ကြမ်းခင်းခြင်းကို အလျားပေ ၂၀၀၊ အနံ ပေ ၃၀၊ ထု တစ်ပေခင်းခြင်း၊ ကျောက်ကြမ်းပေါ်တွင် ကျောက်ချောခင်းခြင်းလုပ်ငန်းကို အလျား ပေ ၃၀၀၊ အနံပေ ၃၀၊ ထုတစ်ပေခင်းခြင်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်မြို့ လမ်းဦး စီးဌာနမှ သိရသည်။

       ထို့နောက် အရှည်ပေ ၇၀၊ အကျယ် ၁၃ ပေ ရှစ်လက်မရှိ ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မြဝတီဘက်ခြမ်းမှစတင်၍ ယာယီဘေလီ တံတားဖရိန် တပ်ဆင်ခြင်းနှင့် ကြမ်းခင်းသံပြားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၂ ရက်အထိ ၇၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းနှင့် မကြာမီကာလတွင် ကုန်စည်ယာဉ်များ ဖြတ်သန်းသွား လာနိုင်တော့မည်ဖြစ်ကြောင်း၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရှိ ယာယီဘေလီတံတား တည်ဆောက်မည့် တံတားချဉ်းကပ်လမ်း ဖောက်လုပ်ခြင်းနှင့် ကျောက်ခင်းခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ် ငန်းများ ဆောင်ရွက်ရာ တွင် အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး ကော့ကရိတ်တပ်နယ်မှ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

#PAN