ကျိုင်းတုံမြို့နယ်၊ ပါကော်ကျေးရွာအနီးရှိ တောလမ်းတွင်ဆိုင်ကယ် ၁၅ စီးဖြင့် သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့အဖြစ်သိမ်း ဆည်းရမိ

ဩဂုတ် ၂၃

         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နယ်၊ပန်ကြူကျေးရွာအုပ်စု၊ပါကော်ရွာအနီးရှိတောလမ်းတွင် ICEမူးယစ်ဆေးဝါး  ကျပ်သိန်းပေါင်း ၃၅၃၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာသည့်ဆိုင်ကယ် ၁၅ စီးကိုဩဂုတ်လ ၂၁ ရက်နေ့တွင် ကျိုင်းတုံမူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

         ဖြစ်စဉ်မှာ ကြိုတင်သတင်းအရအခင်းဖြစ်နေရာရှိ တောလမ်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့က စောင့်ဆိုင်းနေစဉ် တောလမ်းအတိုင်းမောင်းနှင်လာကြသည့် ဆိုင်ကယ်များကိုရပ်တန့်ပေးရန် တားဆီးသတိပေးခဲ့သော်လည်း ၎င်းဆိုင်ကယ်များကို လမ်းဘေးရှိ လျှိုထဲသို့  အတင်းမောင်းဆင်းသွားပြီး ဆိုင်ကယ်မောင်းနှင်းလာသူများသည် ဆိုင်ကယ်ပစ်ကာတောအတွင်းသို့ ထွက် ပြေးတိမ်းရှောင်သွားခဲ့သည်။

       ” အခင်းဖြစ်တဲ့အချိန်မှာ မိုးကတဖွဲဖွဲရွာပြီး မြူတွေကအုံ့ဆိုင်းနေတော့မြင်ကွင်း  လည်း မသဲကွဲဘူး လမ်းချော်နေတာကတစ်ချက် ။အဲ့ဒါကြောင့်လည်း ဆိုင်ကယ်နဲ့အဖွဲ့လိုက်စီးလာကြတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေက  ချက် ချင်းလမ်းဘေးကိုဆိုင်ကယ်အတင်းမောင်းချပြိးကိုယ်လွတ် ရုန်းထွက်ပြေးသွားတာပဲဖြစ်ပါတယ် “ဟု   ဖမ်းဆီးရေးအဖွဲ့တွင်ကိုယ်တိုင်ပါဝင်ခဲ့သည့် တာဝန်ရှိသူ တပ်ဖွဲ့၀င်တစ်ဦးက ယခုလိုပြောပြခဲ့သည်။

       ယခုဖမ်းဆီးရမိသည့် ICE မက်အဖက်တမင်းမူးယစ်ဆေးဝါးထည့်ထားသည့်ဆာလာအိတ်များအတွင်းမှ စုစုပေါင်းအလေးချိန် ၁၄၃ Kgခန့်ရှိသော ၁ Kg ခန့်စီပါအထုပ်ပေါင်း ၁၄၃ ထုတ်​ဖြင့် ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃၅၃၆၀ ဖြစ်ပြီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

        ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၈၈/၂၀၂၃ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောပုဒ်မ၁၉(က)/၂၁ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ 

#PAN