အင်းစိန်မြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် Grade-9 ကျောင်းသား တစ်ဦးက သူငယ်ချင်းဖြစ်သူနှင့် မိခင် တို့ကို ဓားဖြင့်ထိုးရာ မိခင်ဖြစ်သူ သေဆုံး

သြဂုတ် ၁၁

         သြဂုတ်လ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ တိမွေးကုဝန်း ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ မယဉ်ဇာဏီစိုး၊ ၄၃ နှစ်၊ (ဘ)ဦးစိုးမင်း၊ ဗမာ/ဗုဒ္ဓ၊လက်ထောက်ကြီးကြပ်ရေးမှူး၊ (မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အင်းစိန်)ကို ကျော်ဇောလင်း(ခ) ရွှေသီး၊ ၁၄ နှစ် ၁၀ လ(၂၁-၁၀-၂၀၀၈)၊ (ဘ)ဦးကျော်ကျော်၊ ဗမာ/ဗုဒ္ဓ၊ Grade-9(A)၊ အထက (၈)အင်းစိန်၊ မ-၅/၆၊ (၁၀)လမ်းမြောက်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ် နေသူက  ဓားဖြင့်ထိုးခဲ့သဖြင့် မယဉ်ဇာဏီစိုး တွင် လည်ပင်းပြတ်ရှဒဏ်ရာ ၃ ချက်၊ နှာခေါင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ လည်ပင်းဝဲ/ယာ ထိုးသွင်းဒဏ်ရာ ၃ ချက်တို့ရရှိကာ နေရာတွင်လဲကျသေဆုံးခဲ့သည်။

     ဖြစ်စဥ်မှာ သေဆုံးသူ မယဉ်ဇာဏီစိုး၏ သမီးဖြစ်သူ မကျော့ရွန်းလဲ့ခိုင်၊ ၁၄ နှစ်(၂၃-၆-၂၀၀၉)၊ (ဘ)ဦးတင့်ဝေ၊ မပတ-မရှိ၊ ဗမာ/ဗုဒ္ဓ၊ Grade-9(D) အင်းစိန်၊ တိမွေးကုဝန်ထမ်းအိမ်ရာ၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူသည် ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် နေအိမ်၌ ၎င်းတစ်ဦးတည်းရှိနေစဉ် ယခင်က ကျူရှင်အတူတူတက်ဖူးသည့် ကျော်ဇောလင်း(ခ)ရွှေသီးရောက်ရှိလာကြောင်း၊ ၎င်းတို့နှစ်ဦး နေအိမ်ဧည့်ခန်းတွင် စကားထိုင်ပြောနေစဉ် မိခင်ဖြစ်သူ မယဉ်ဇာဏီစိုး အပြင်မှ ပြန် လည်ရောက်ရှိလာပြီး တွေ့သွားခဲ့ကြောင်း၊ မိခင်ဖြစ်သူ မယဉ်ဇာဏီစိုး က ကျော်ဇောလင်း(ခ)ရွှေသီးအား “မင်း ဘယ်ကလဲ ဘယ်သူ့သားလဲ၊ ငါ့သမီးနဲ့ကြိုက်နေတာလား”ဟု မေးမြန်းခဲ့ရာ ကျော်ဇောလင်း(ခ)ရွှေသီးမှ စကားတစ်ခွန်းမှ ပြန်မပြောသဖြင့် မိခင်ဖြစ်သူမှ စိတ်တိုပြီးလက်ဖြင့်ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်စဉ် ကျော်ဇောလင်းမှ ထွက်ပြေးရန်ပြုလုပ်ခဲ့ရာ မိခင်ဖြစ်သူမှ နေအိမ်အရှေ့ တံခါးပေါက်အား ကာထားသဖြင့် နောက် ဖေးမီးဖိုချောင်အပေါက်ဘက်သို့ ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးစဥ် မိခင်ဖြစ်သူမှ နောက်မှ ပြေးလိုက်ဆွဲခဲ့ပြီး မီးဖိုချောင်အတွင်းရှိ ငရုတ်ကျည်ပွေ့ကို ကိုင်ခဲ့စဉ် ကျော်ဇောလင်း(ခ) ရွှေသီးက မီးဖိုချောင်အတွင်းရှိ ဓားဦးချွန် ၁ ချောင်းအား ယူကာ ထိုးခဲ့ကြောင်း၊ ၎င်းနောက် စတီးဓားမ ၁ ချောင်းအား ထပ်မံယူပြီး မယဉ်ဇာဏီစိုးကို ခုတ်သဖြင့် မကျော့ရွန်းလဲ့ခိုင်မှ “မလုပ်ပါနဲ့”ဟု အော်ဟစ်ဝင်ရောက် တားဆီးခဲ့ကြောင်း၊ ထိုသို့တားဆီးစဥ် ကျော်ဇောလင်း(ခ)ရွှေသီးမှ မကျော့ရွန်းလဲ့ခိုင်အား ဓားဖြင့်ထိုးခဲ့သဖြင့် ဝဲတံတောင်ဆစ် ပြတ်ရှဒဏ်ရာ ၁ ချက်၊ လည်ပင်းယာဘက် ပွန်းခြစ်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး ကျော်ဇောလင်း(ခ)ရွှေသီးမှာ ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

     အဆိုပါ သေဆုံးသူ မယဉ်ဇာဏီစိုးကို အသက်သေဆုံးအောင်နှင့် တူမဖြစ်သူ မကျော့ရွန်းလဲ့ခိုင်အား နာကျင် ဒဏ်ရာများရရှိအောင် ဓားဖြင့် ထိုး/ခုတ်ခဲ့သူ ကျော်ဇောလင်း(ခ)ရွှေသီးအား ဖမ်းဆီးအရေးယူပေးပါရန် မယဉ်ဇာဏီစိုး၏ ညီမဖြစ်သူ မသဉ္ဇာဏီစိုး၊ ၃၆ နှစ်၊ (ဘ)ဦးစိုးမင်း၊ ဗမာ/ဗုဒ္ဓ၊ စက်ချုပ်၊ အောင်သပြေလမ်း၊ နှင်းဆီကုန်း(က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ် နေသူက အင်းစိန်မြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း၊ အင်းစိန်မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၄ ဖြင့် ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။

       ယင်းနေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်တွင် တရားခံ ကျော်ဇောလင်း(ခ)ရွှေသီးကို ၎င်း၏ နေအိမ်တွင်  အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် အရိုးအသွား ၁၂ လက်မခန့်ရှိ စတီးဓားဦးချွန် ၁ ချောင်းနှင့် အရိုးအသွား ၁၂ လက်မခန့်ရှိ စတီးဓားမ ၁ ချောင်းတို့နှင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

#PAN