မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံမီးပွိုင့်အနီးတွင် YBS 91ယာဥ်လိုင်းမှ မော်တော်ယာဥ်တစ်စီး အခြားလိုင်းကာ တစ်စီးဖြင့် အပြိုင်မောင်းရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင်ဝင်တိုက်ရာ လမ်းဘေးရှိ စည်ပင်ဝန်ထမ်းတစ်ဦးကို တိုက်မိပြီး သေဆုံး

ဩဂုတ် ၁၀

        ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြို့မရဲစခန်းနှင့် မျက်စောင်းထိုး၊ ခရေပင်လမ်းဆုံမီးပွိုင့်အနီးတွင် ယနေ့ နံနက် ၇ နာရီ ၄၅မိနစ်အချိန်ခန့်က ပြည်လမ်းမပေါ်၌ ယာဥ်အမှတ် 6G/1350 YBS 91ယာဥ်လိုင်းမှ ယာဥ်မောင်း စိစစ်ဆဲ မော်တော်ယာဥ်သည် အရှိန်လွန်ပြီး လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်ခဲ့ကြောင်း၊ ထိုသို့ ဝင်တိုက်စဥ် မြို့နယ်စည်ပင်သာယာအသန့်ရှင်းရေးတပ်ခွဲမှလုပ်ငန်ခွင် ဝင်နေသော ဦးမောင်စိုး ကို အဆိုပါ YBS(91)ယာဥ်မှ ဝင်တိုက်ခိုက်ကြောင်း သိရပါသည်။

   ထိုသို့ ယာဥ်တိုက်ခိုက်မှုကြောင့် ဦးမောင်စိုး မှာ
အခင်းဖြစ်နေရာတွင် ထိခိုက်သေဆုံးခဲ့ကြောင်း၊ ယာဥ်ပေါ်တွင်ပါလာသော ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိသည်။

      ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ရောက်ရှိချိန်တွင် အဆို ပါ YBS(91)ယာဥ်မှ စိစစ်ဆဲ ယာဉ်မောင်းဖြစ်သူကို မတွေ့ရှိရတော့ဘဲ အခင်းဖြစ်နေရာမှ တိမ်း ရှောင်သွားခဲ့ကြောင်း၊ အဆိုပါ ယာဥ်မောင်းသည် ၎င်းယာဥ်နှင့် အခြား လိုင်းကားတစ်စီးတို့ အပြိုင်မောင်းရာမှ မီးပိုင်အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယခုလို လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိ ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးတွင်ရှိနေသော ပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။

#PAN