စစ်ကိုင်းမြို့နယ်၊မုံရွာ-မန္တလေးကားလမ်းတွင် ယာဉ် ၁ စီး ဘရိတ်ပေါက်၍ ယာဥ်တိုက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသမီး ၁ ဦး ညပ်နေ၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့

သြဂုတ် ၂

      ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပြူကံရပ်ကွက်၊ မုံရွာ-မန္တလေးကားလမ်းတွင် အပြာရောင် ဒိုင်နာယာဉ် ၁ စီး ဘရိတ်ပေါက်၍ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ခဲရောင် Super Custom ယာဉ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး Super Custom ယာဉ်ပေါ်ပါ မ ၁ ဦး ညပ်နေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ စိန်ကုန်းအရန်မှ  မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဖြစ်စဉ်ကြောင့်  ဒိုင်နာယာဉ်ပေါ်ပါ ကျား ၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၇ ဦး အနက် ထိ ခိုက်ဒဏ်ရာရရှိသူ ကျား ၂ ဦး၊ မ ၃ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့ကို ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့တို့မှ သူနာတင်ယာဉ်များဖြင့်လည်းကောင်း Super Custom ယာဉ်အတွင်း ညပ်မိနေသူ မ ၁ ဦး အား မွန်းလွဲ ၁ နာရီအချိန်တွင် (အသက်ရှင်လျက်) ကယ်ထုတ်နိုင်ခဲ့ပြီး  ဇီဝပါလ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့်လည်းကောင်း စစ်ကိုင်းမြို့၊ကုတင်(၂၀၀)ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားပါသည်။