မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ နမ့်ကုန်းကျေးရွာတွင် ဓားပြတိုက်မှုဖြစ်ပွား၊စုစုပေါင်းကာလတန်ဖိုး (၁၄,၆၀၀,၀၀၀)ကျပ်ခန့် ယူဆောင်ထွက်ပြေး

ဇူလိုင် ၂၇

      ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းကျေးရွာအုပ်စု၊ နမ့်ကုန်းကျေးရွာနေသူများဖြစ်ကြသော ဦးအိုက်ထွန်း၊ ၅၀ နှစ်၊(ဘ)ဦးကွတ်ဟုန်၊ရှမ်း/ဗုဒ္ဓ၊ လယ်လုပ် နှင့် ဇနီးဖြစ်သူ ဒေါ်နန်းကောင်၊ ၄၅ နှစ်၊ (ဘ)ဦးနွဲ့ဝင်း၊ မှီခို၊ရှမ်း/ဗုဒ္ဓတို့ နေအိမ်တွင် စိစစ်ဆဲအမျိုးသား ၃ ဦး က သေနတ်အတို (စိစစ်ဆဲ)ကိုင်ဆောင်ပြီး လာရောက် ဓားပြတိုက်သွားကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ဦးအိုက်ထွန်းနှင့် ဇနီးဖြစ်သူ ဒေါ်နန်းကောင်တို့နှစ်ဦး နေအိမ်ဧည့်ခန်းတွင် အတူ
တီဗွီကြည့်နေစဉ်ဘောင်းဘီရှည်၊အင်္ကျီလက်ရှည်လည်တိုဖိနပ်၊အနက်ရောင်ခေါင်းစွပ်မျက်နှာဖုံး
များ ဝတ်ဆင်ထားသော အမျိုးသား ၃ ဦး အနက် ၂ ဦးမှာ သေနတ်အတို(စိစစ်ဆဲ) တစ်လက်စီ
ကိုင်ဆောင်ထားပြီး ကျန်တစ်ဦးမှာ ဓားကိုင်လျှက် အိမ်ပေါ်သို့တက်လာကာ နေအိမ်တံခါးမကြီးအားပိတ်၍ ဦးအိုက်ထွန်းကို သေနတ်ဖြင့်ချိန်ပြီး ကျန် ၂ ဦး လက်ထိပ်ခတ်ခဲ့ကြောင်း၊ ဇနီးဖြစ်သူ ဒေါ်နန်းကောင်အား အဖြူရောင် ပလက်စတစ်
ကလစ်ကြိုးဖြင့် လက်နောက်ပြန်ချည်ခြင်း၊ ပါး စပ်ကို တိပ်ဖြင့်ပိတ်ခြင်းများပြုလုပ်ကာ ငွေကြေး နှင့် ရွှေထည်ပစ္စည်းများ ဘယ်မှာ ထားသလဲဟု ရှမ်းဘာသာ စကားဖြင့် မေးမြန်းခဲကြောင်း၊ ဦးအိုက်ထွန်းတို့လင်မယားမှ မရှိကြောင်းပြောသဖြင့် ဓားပြ ၂ ဦးက အိပ်ခန်း ၃ ခန်းအတွင်း
လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း၊ အိမ်ရှေ့အိပ်ခန်းဘီရိုအတွင်းမှ ထိုင်းနိုင်ငံ သုံးငွေ
(၁၀၀,၀၀၀)ဘတ်၊ မြန်မာငွေစက္ကူရောရာ (၆ဝဝ,ဝဝဝ)ကျပ်၊ တစ်ကျပ်သားခန့်ရှိ အုန်းဆံ ကြိုးရွှေဆွဲကြိုး ၁ ကုံး၊ တစ်ကျပ်သားခန့်ရှိ သံကွင်းဆက်ရွှေဆွဲကြိုး ၁ ကုံး၊ စုစုပေါင်း ရွှေဆွဲကြိုး ၂ ကုံး၊ စုစုပေါင်းကာလတန်ဖိုး (၁၄,၆၀၀,၀၀၀)ကျပ်ခန့် ယူဆောင်ပြီး ဦးအိုက်ထွန်းနှင့်ဇနီးဒေါ်နန်းကောင်တို့ကို နေအိမ်နှင့်တွဲလျှက်ရှိသည့် မီးဖိုဆောင်၊အိမ်သာခန်းတွင် ထားခဲ့ကာ ည ၉ နာရီခွဲအချိန်ခန့်တွင် သေနတ်တစ်စုံတရာ ပစ်ဖောက်မှုမရှိဘဲ ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

        ထိုကဲ့သို့ နေအိမ်ပေါ်တက်ပြီး သေနတ်ပြကာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများလုယက်သူ ၃ ဦးကို စုံစမ်းဖော်ထုတ် ပေးရန် တရားလို ဦးအိုက်ထွန်းမှ ယနေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့ သို့ သွားရောက်တိုင်တန်းခဲ့ကြောင်း၊ တိုင်တန်းမှုအပေါ် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ (ပ) ၁၃ /၂၀၂၃၊ အမှုကြီး အမှတ်စဉ် ၁/ ၂ဝ၂၃၊ ရာဇသတ်ကြီးပုဒ်မ – ၃၉၄ ဖြင့် အမှုရေးဖွင့်ကာ တရားလို/ သက်သေ စစ်ဆေးခြင်း၊ အခင်းဖြစ် မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သက်သေခံ ပစ္စည်းသိမ်း ဆည်းခြင်း၊တရားခံများ စုံစမ်းဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။

#PAN