အာဆီယံ-လန်ဒန် ကော်မတီအစည်းအဝေး (၂/၂၀၂၃) သို့ သံရုံးယာယီတာဝန်ခံ ပါဝင် တက်ရောက်

ဇူလိုင် ၁၄

        မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးထွန်းအောင်ကျော် သည် ၁၃-၇-၂၀၂၃ ရက်နေ့၊ ၁၁၃၀ နာရီတွင် လန်ဒန်မြို့၊ Strategy International အဆောက်အဦ၌ ကျင်းပပြုလုပ်သည့် အာဆီယံ-လန်ဒန် ကော်မတီအစည်းအဝေး (၂/၂၀၂၃)သို့ ပါဝင် တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးသို့ လန်ဒန်မြို့အခြေစိုက် အာဆီယံနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး၌ အာဆီယံမိသားစုနေ့ကျင်းပရေး၊ အာဆီယံ ရုပ်ရှင်ပွဲတော်ကျင်းပရေး၊ ဗြိတိန်ဝန်ကြီးချုပ်၏ အာဆီယံနိုင်ငံများဆိုင်ရာ ကုန်သွယ်ရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံရေး၊ အာဆီယံနိုင်ငံများနှင့် ဗြိတိန်တို့အကြား ပူးပေါင်း ဆောင်ရွက်နေမှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

      မြန်မာသံရုံးယာယီတာဝန်ခံက ဆိုင်ကလုန်းမိုခါ မုန်တိုင်းကြောင့် အသက်အိုးအိမ်ဆုံးရှုံးမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး AHA နှင့် နိုင်ငံအလိုက် အကူအညီများ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

#PAN