ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ချိန် ၆၂၇၂၅ တန် တင်ပို့ထား

ဇူလိုင် ၇

      ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု မက်ထရစ်တန်ချိန် ၆၂,၇၂၅ တန် တင်ပို့ထားပြီး မေလထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။

       ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်နေတဲ့ ဆန်နှင့်ဆန်ကွဲများကို နယ်စပ်လမ်းကြောင်းများနှင့် ပင်လယ် ရေကြောင်းများမှ တစ်ဆင့်တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

       ဇွန်လတွင် ပြည်ပကို ဆန်တင်ပို့ခဲ့သည့် ကုမ္ပဏီပေါင်း  ၃၀ ခုရှိပြီး တင်ပို့မှုမှာ  ပင်လယ်ရေကြောင်းမှ ၅၈,၀၀၁ မက်ထရစ်တန်နှင့် နယ်စပ်လမ်းကြောင်းမှ ၄,၇၂၄ မက် ထရစ်တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပြည်ပတင်ပို့မှု ပမာဏတွင် ဆန် မက်ထရစ်တန်ချိန် ၂၇,၅၆၉  တန်နှင့် ဆန်ကွဲ ၃၅,၁၅၆ မက်ထရစ်တန် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

      နိုင်ငံအလိုက် ဆန်တင်ပို့မှုအနေဖြင့် တူရကီနိုင်ငံသို့ မက်ထရစ်တန်ချိန် ၄,၃၆၀ တန်၊ စပိန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၃,၁၂၅ တန်၊ ဘူဂေးရီးယားနိုင်ငံသို့ မက်ထရစ်တန်ချိန် ၁,၅၉၃ တန်၊ ပိုလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၅,၆၂၅ တန်၊ ဂျာမနီနိုင်ငံသို့ နိုင်ငံသို့ မက်ထရစ်တန်ချိန်  ၁,၇၃၅ တန် အပါအဝင် အခြားနိုင်ငံပေါင်း ၁၇ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁၁,၁၃၁ တန်တင်ပို့ထားတာ ဖြစ်ပါတယ်။

     ဒါ့အပြင် ဆန်ကွဲတင်ပို့မှုတွင် ဘယ်လ်ဂျီယံနိုင်ငံသို့ မက် ထရစ်တန်ချိန် ၁၄,၇၀၀ တန်၊နယ်သာလန်နိုင်ငံသို့ မက်ထရစ် ‌တန်ချိန် ၈,၅၀၀ တန်၊ တရုတ်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၇,၃၄၄ တန်၊ ပိုလန်နိုင်ငံသို့ မက်ထရစ်တန်ချိန် ၁,၄၉၅ တန်၊ အပါအဝင် အခြားနိုင်ငံ ၇ နိုင်ငံသို့ မက်ထရစ်တန်ချိန် ၃,၁၁၇ တန်တင်ပို့ထားတယ်လို့ သိရပါတယ်။

#PAN