အင်ဒိုနီးရှားနိုင်ငံ၌ ထောင့်သန်းရောဂါကူးစက်ခံထားရသော အမဲသားကိုစားမိပြီး လူတစ်ဦးသေဆုံး၊ ၈၅ ဦး ကူးစက်မှုဖြစ်ပွား

ဇူလိုင် ၆

      အင်ဒိုနီးရှားနိုင်ငံ ယိုဂျကာတာပြည်နယ်၌ ထောင့်သန်းရောဂါကူးစက်ခံထားရသော အမဲ သားကိုစားမိပြီး နောက် လူတစ်ဦးသေဆုံးခဲ့ပြီး ၈၅ ဦး ရောဂါကူးစက်ခံထားရကြောင်း ဒေသအာဏာပိုင်များက ဇူလိုင်လ ၄ ရက်က ပြောကြားခဲ့ပြီး ထောင့်သန်းနာရောဂါသည် ကျွဲ၊ နွား၊ ဆိတ်များမှ ကူးစက်တတ်သော သေစေနိုင်သည့် ရောဂါ ဖြစ်ပြီး ထောင့်သန်းနာဖြစ်ပွားထားသော တိရစ္ဆာန်များ သို့မဟုတ် ၎င်းတို့၏အသားကို စားမိခြင်းဖြင့် လူများ၌ ရောဂါ ကူးစက်ဖြစ်ပွားကြောင်း သိရပါသည်။

      အစိုးရပိုင် ဆာဂျီတိုအထွေထွေဆေးရုံကြီး၌ အသက် ၇၃ နှစ်ရှိ ဒေသခံတစ်ဦး ဇွန်လ ၄ ရက်က အဆိုပါ ရောဂါဖြင့် သေဆုံးခဲ့သည်ဟု သတင်းပေးပို့မှုရရှိခဲ့ပြီးနောက် အဆိုပါ ဒေသတွင် ထောင့်သန်းရောဂါ ကူးစက်ဖြစ်ပွားလျက် ရှိကြောင်း အာဏာပိုင်များက တွေ့ရှိခဲ့ရသည်ဟု ဂူနန်ကီဒယ် ဒေသ ကျန်းမာရေး အေဂျင်စီ အကြီး အကဲ ဒေဝီအီရာဝတီ က ပြောကြားခဲ့သည်။

      အဆိုပါ ကျန်းမာရေးအေဂျင်စီက နောက်ထပ်စမ်းသပ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ၎င်း အမျိုးသားမှာ နေမကောင်းဖြစ်ပြီး သေဆုံးသွားသော သူ၏နွားအသားကို စားသုံးမိခဲ့အပြင် ၎င်း၏ အမဲသားကို အိမ်နီးချင်းများကို ဝေမျှပေးခဲ့ကြောင်းလည်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၎င်း၏အိမ်နီးချင်း ၁၂၅ ဦး၏ သွေးများကို စစ်ဆေးခဲ့ရာ ၈၅ ဦးမှာ အဆိုပါရောဂါကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်ဟု အီရာဝတီ က ပြောခဲ့သည်။

      အများစုမှာ ထောင့်သန်းရောဂါ၏ လက္ခဏာများဖြစ်သော ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အသားများနာကျင် ခြင်း၊ လက်များရောင်ရမ်းခြင်း၊ သေးငယ်သော အနီဖုများထွက်ခြင်း စသည့် လက္ခဏာများကို ခံစားခဲ့ရသည်။

      သို့သော်လည်း ယခုအခါ ၎င်းတို့မှာ ပဋိဇီဝ ဆေးများကို သောက်သုံးထားပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကျန်းမာသောအမဲသားကို စားသုံးကြရန် အာဏာပိုင်များက ဒေသခံများကို တိုက်တွန်းထားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။

#PAN