ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား ဆုကြေးငွေ၊ ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဇွန် ၂၃

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများ အတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ သတင်းထုတ်ပြန်ဖိတ်ခေါ် လျက်ရှိသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဉပဒေဘောင် အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို  ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် ဌာနဆိုင်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်လည်အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

   ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသ တည် ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် ပစ္စတိုသေနတ် နှစ်လက်အား အပ်နှံကြရာ တာဝန်ရှိသူများကလက်ခံရယူ၍ ပစ္စတိုနှစ်လက်အတွက် ဆုကြေးငွေ သိန်းလေးဆယ်နှင့် ထောက်ပံ့ပစ္စည်းများကို  ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုး စေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

       ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များ ဆောင်ရွက်ပေးကာ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများထိုက်ထိုက်တန် တန် ထောက်ပံ့ပေးအပ်လျက်ရှိခြင်းကြောင့် ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN