ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ၊ အလက (ခွဲ)ကျောင်း နံရံတွင် ကျောင်းသားဟောင်းတစ်ဦးက ”ကျောင်းအုပ်ကြီးနှင့် စစ်သားမိန်းမများ သတ်ခံရမယ်သတိထား”ဟု ခြိမ်းခြောက်စာရေးသားခဲ့

ဇွန် ၂၃

       ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာ၊ အလက(ခွဲ) ကျောင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း အပြင်နံရံတွင် A4 စက္ကူအထုပ်အခွံ ၂ ခုဖြင့် ”ကျောင်းအုပ်ကြီးနှင့် စစ်သားမိန်းမများ သတ်ခံရမယ်သတိထား” ဟူသော စာသားအားရေးသားပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရပါသည်။

   ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောင်းခြံစည်းရိုးနှင့်ကပ်လျှက် ဦးဖိုးသိန်း၏ နေအိမ်ဘက်မှ အုတ်တံတိုင်း ကျော်တက်ထားသည့် အနေအထားတွေ့ရှိရသဖြင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေဆင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက ဦးဖိုးသိန်း၏မိသားစုဝင်များအား ခေါ်ယူစစ်ဆေးခဲ့ရာ ဦးဖိုးသိန်း၏ သားဖြစ်သူ မောင်ကျော်ဇင်ဟိန်း၊ ၁၆ နှစ်၊ မပတ(မရှိ)၊ သစ်တပ်ကျေးရွာ၊ သစ်တပ်အုပ်စု၊ ဇေယျာသီရိမြို့နယ် နေသူက ရေးသားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

    အကြောင်းရင်းမှာ ၄င်းသည် လွန်ခဲ့သော ပညာ သင်နှစ်တွင် ကျောင်းပျက်ကွက်ခဲ့သော ကြောင့် မိဘများအား ကျောင်းအုပ်ကြီးမှ ခေါ်ယူ ပြီး ၃ ကြိမ်တိုင်တိုင် သတိပေးဆုံးမခြင်းခံခဲ့ရကြောင်း၊ ယခုနှစ်ပညာသင် နှစ်တွင်လည်း ကျောင်းအပ်နှံပြီးမှ ကျောင်းမတက်သောကြောင့်ကျောင်းအုပ်ဆရာကြီး ဦးကျော်မြင့်ထွန်း က ကျောင်းမပျက်ကွက်ရန်ပြောကြားခဲ့ရာ အဖွားဖြစ်သူမှ ကျောင်းပုံနှိပ်စာအုပ်များ ပြန်အပ်နှံခဲ့ပြီး ကျောင်းမတက်တော့ကြောင်း ပြောသဖြင့် ကျောင်းအုပ်ကြီးမှ ကျောင်းထုတ်ခဲ့ကြောင်း၊ လွန်ခဲ့သော ၄ ရက်ခန့်က ကျောင်းအုပ်ကြီးထံ ကျောင်းပြန်တက်ခွင့်ပြုရန်ပြောသောအခါ ကျောင်းတွင်လက်မခံတော့ကြောင်း၊ ကျောင်း ပြောင်းမည်ဆိုပါက ကျောင်းထွက်လက်မှတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် မကျေနပ်သောကြောင့် ယမန်နေ့  နံနက် ၁၂၀၅ နာရီအချိန်က ၎င်း၏နေအိမ်မှ ကျောင်း အုတ်တံတိုင်းအား ကျော်တက်ကာ ရုံးခန်းတံခါးအား တုတ်ချောင်းဖြင့်ကလန့်၍ ဝင်ရောက်ပြီး ရုံးခန်းထဲရှိ စာရွက်နှင့်ဆော့ပင်အား ယူဆောင်ကာ ကျောင်းအုပ်ကြီးနှင့် စစ်သားမိန်းမများ သတ်ခံကမယ် သတိထားဟု ရေးသားခဲ့​ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

     အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေး နယ်မြေခံရဲစခန်းက စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN