မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်ရှိ “မြတ်မောင်” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်ခဲ့သည့် တရားခံများအား လက်နက်/ခဲယမ်း၊ ရွှေထည်ပစ္စည်းများ နှင့်အတူ ၅ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ဇွန် ၁၉

    ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာ ဆိုင်သို့ အကြမ်းဖက်သမား (စိစစ်ဆဲ)ကျား ၃ ဦးမှ ပစ္စတို ၂ လက်ကိုင်ဆောင်ကာ မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဧည့်ကြိုဝန်ထမ်း ၂ ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်၍ ရွှေဆိုင် ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ (ကာလတန်ဖိုး ငွေကျပ်သိန်း ၁၆,၆၀၀ ခန့်) တို့အား သေနတ်ပြခြိမ်းခြောက်ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

          သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သေနတ်ပြခြိမ်းခြောက်ဓားပြတိုက် လုယက် ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် ရှာဖွေဖော်ထုတ် ဖမ်းဆီး ခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြင့်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ တရားမျှတမှုကို လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ မျက်မြင်သတင်းပေးပို့ချက်များနှင့် မြေပြင်သတင်းစုံစမ်းရရှိချက်များအရ ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဓားပြတိုက် လုယက်သူများသည် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးဘုရားအနောက်ရပ်ကွက်၊ ရွှေဂုံတိုင် လမ်းရှိ “အကယ်ဒမီ”ဟိုတယ်၌ ရောက်ရှိခိုအောင်းနေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ တရားခံ ကိုကိုအောင်၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ပပလှိုင်တို့ ၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။

       ဖမ်းဆီးရမိတရားခံ ကိုကိုအောင်၏ ထွက်ဆိုချက်အရ ရွှေဆိုင်ဓားပြတိုက် ရာတွင်ပါဝင်ခဲ့သော တရားခံများဖြစ်သည့် ကောင်းထက်စံ(ခ) တရုတ်ကြီးအား မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ(၂)ရပ်ကွက်၊ နဝရတ်လမ်း၊ အိမ်အမှတ် (၂/၂၀၆)ရှိ ၎င်း၏နေအိမ်၌ လည်းကောင်း၊ ကျော်ဇင်လတ် ကောင်းမြတ်(ခ)Blank၊ ဖြိုးကိုကိုနှင့် ကျော်ဇင်ဝေ တို့အားမြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ(၅)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်း၊ တိုက်အမှတ် (၁၀၁)တွင် လည်းကောင်း M4A1 သေနတ် ၂ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9 MM Luger ကျည် ၂၁၀ တောင့်၊ ဓားပြတိုက်လုယက်ရာမှ ယူဆောင်သွားခဲ့သော ရွှေထည် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

      အလားတူ ဖမ်းဆီးရမိတရားခံ ကိုကိုအောင် ၏ ထွက်ဆိုချက်အရ ရွှေဆိုင် ဓားပြတိုက်ရာတွင် ပါဝင်ခဲ့သော တရားခံများဖြစ်သည့် စောဂျိုးဇက်(ခ)ချိုတိုးနှင့် ထွန်းထွန်းနိုင်တို့အား မအူပင်မြို့နယ်၊ ခနောင်အုပ်စု၊ ကျွဲလန်းကျေးရွာ၌ M-16 ၁ လက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

      ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့နှင့်အတူ M-4A1 သေနတ် ၂ လက်၊ M-16 ၁ လက်၊ Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ်မျိုးစုံ ၈ ခု၊ 91 လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၃၄၀ တောင့်၊ 9MM Luger ကျည် ၂၁၀ တောင့်တို့ ဖမ်းဆီးရမိခဲ့ပြီး ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း အကြမ်းဖက်မှုကို မလိုလားသည့် တာဝန်သိပြည်သူ များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် အရှိန် အဟုန်မြှင့်စစ်ဆေးရှာဖွေမှုများကြောင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

       အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအားထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျှက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးသတင်းထုတ်ပြန်ထားပါသည်။

#PAN