အာဆီယံ-ဂျပန်စင်တာ၏ (၄၃) ကြိမ်မြောက် ကောင်စီဒါရိုက်တာများ၏ ပထမအကြိမ်အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

ဇွန် ၁၆

        အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Center) ၏ (၄၃) ကြိမ်မြောက် ကောင်စီ ဒါရိုက်တာများ၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ (၁၅၀၀) နာရီ တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် ပါဝင်တက်ရောက်ခဲ့ပါသည်။

        အစည်းအဝေးတွင် ထိုင်းနိုင်ငံ၏ ကောင်စီဒါရိုက်တာဖြစ်သည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul Sereroengrit မှ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံ တို့မှ ကောင်စီဒါရိုက်တာများ၊ အာဆီယံ-ဂျပန်စင်တာ အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ စုစုပေါင်းကိုယ်စားလှယ် (၇၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် ၂၀၂၄ ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း အာဆီယံ-ဂျပန်စင်တာမှ အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်နှင့် ဘဏ္ဍာငွေလျာထား ဆောင်ရွက်သွား မည့် အခြေအနေများ၊ အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အာဆီယံ-ဂျပန်စင်တာ၏ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ-ဂျပန်စင်တာ ပြုပြင်ပြောင်းလဲရေးအတွက် အကောင်အထည်ဖော် လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

      မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီး ဦးစိုးဟန် မှ အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သွားမည့် အစီအစဉ် များနှင့် ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

       အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Center) ၏ ပထမအကြိမ် (၄၃) ကြိမ်မြောက် ကောင်စီ ဒါရိုက်တာများ အစည်းအဝေးအား (၁၇၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

#PAN