မင်္ဂလာတောင်ညွန့်မြို့နယ်၊ကန်တော်ကြီးဥယျာဉ်အတွင်း ကိုယ်ဝန် ၈ လရှိ အမျိုးသမီး တစ်ဦး အရက်ပျံသောက်ကာသေကြောင်း ကြံစည်ခဲ့

ဇွန် ၂

     ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ကန်ရိပ်သာလမ်း၊ ကန်တော်ကြီးဥယျာဉ်အတွင်းရှိ ပုဂံလုံးကျွန်းသို့သွားသည့် ရေပေါ်လျှောက်လမ်းတွင် မထက်ထက်ဝင်းစံ၊ ၂၁ နှစ်၊ (ဘ)ဦးအောင်နိုင်မင်း၊ ဗမာ/ဗုဒ္ဓ၊ မှီခို၊ ၁၄/ဗကလ(နိုင်) ၄၂၆၈၃၇၊ အမှတ်-မမှတ်မိ၊ မိုးမောက်လမ်း၊ (၉၀)ရပ်ကွက်၊ ဒဂုံမြို့သစ် (ဆိပ် ကမ်း)မြို့နယ်နေသူသည် အရက်ပျံသောက်ကာသေကြောင်း ကြံစည်ခဲ့ကြောင်း သိရပါသည်။

     အခင်းဖြစ်နေရာတွင် မထက်ထက်ဝင်းစံသည် ၎င်း၏ဘေးတွင် 777တံဆိပ် အရက်ပျံဘူးခွံ ၁ ခုတွေ့ရှိရပြီး တစ်စောင်းအနေအထားဖြင့် လဲကျသတိလစ်နေသဖြင့် ဂျပန်ဆေးရုံကြီးသို့ ပို့ဆောင်
ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရပါသည်။

     မထက်ထက်ဝင်းစံ သည် လွန်ခဲ့သော ၁ နှစ်ခန့်က သက်ထွန်းအောင်၊ ၃၃ နှစ်၊(ဘ)ဦးဝင်းခိုင်၊ ဗမာ/ဗုဒ္ဓ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊လျှပ်စစ်လုပ်သားနေ့စားဝန်ထမ်း၊ (လိပ်စာတူ)နှင့် အိမ်ထောင်ကျကာ လက်ရှိကိုယ်ဝန် ၈ လရှိနေပြီး ခင်ပွန်းဖြစ်သူက ပစ်ထားရာ ၎င်းအနေဖြင့် လွန်ခဲ့ သောရက် ၂၀ ခန့်က ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊(၆၉)ရပ်ကွက်နေ သူငယ်ချင်းဖြစ်သူ မဖူးဖူးလွင်၏နေအိမ်တွင် သွားရောက်နေထိုင်ခဲ့ကြောင်း၊ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် စိတ်ညစ်သဖြင့် အခင်းဖြစ်နေရာသို့ လာရောက်ပြီး ပုဂံလုံးကျွန်းသို့သွားသည့် လျှောက်လမ်းတွင်ထိုင်ကာ 777တံဆိပ်အရက်ပျံ 100ML ဘူးသေး ၁ ဘူးကို သောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN