အီရန်နိုင်ငံနှင့် သဘောတူညီချက်ရရှိရန် ‘အတော်များများ ညှိနှိုင်းပြီးပြီ’ ဖြစ်ကာ နောက်ဆုံးအဆင့် အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း ထရန့် ပြောကြား

(နိုင်ငံတကာ)မေ ၂၄

    ​​​​အမေရိကန်-အစ္စရေးတို့နှင့် အီရန်နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲကို အဆုံးသတ်ရန်အတွက် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ၏ နားလည်မှုစာချွန်လွှာ (MoU)ကို “အတော်များများ ညှိနှိုင်းဆောင်ရွက်ပြီးပြီ” ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်သည်။

     အဆိုပါ သဘောတူညီချက်တွင် အဓိကကျသည့် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz) ပြန်လည်ဖွင့်လှစ်ရေး ကိစ္စရပ် ပါဝင်မည်ဖြစ်ပြီး၊ လက်ရှိတွင် အမေရိကန်နှင့် အီရန် ညှိနှိုင်းရေးမှူးများအပြင် အခြားသော ကာတာ၊ ဆော်ဒီအာရေဗျ၊ ပါကစ္စတန်နှင့် တူရကီ အပါအဝင် မဟာမိတ်နိုင်ငံများက နောက်ဆုံးအဆင့် အတည်ပြုနိုင်ရန် လုပ် ဆောင်နေဆဲ ဖြစ်သည်။

      သမ္မတ ထရန့်သည် ဒေသတွင်း ခေါင်းဆောင်များနှင့် ဖုန်းဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “ဒီသဘောတူညီချက်ရဲ့ နောက်ဆုံးအဆင့် အသွင်သဏ္ဌာန်တွေနဲ့ အသေးစိတ်အချက်အလက်တွေကို လက်ရှိမှာ ဆွေးနွေးနေကြပြီး မကြာခင်မှာ ကြေညာပေးသွားမှာပါ” ဟု ရေးသားခဲ့သည်။

     ကြားဝင်စေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံ၏ စစ်တပ်အကြီးအကဲ အာဆင် မူနီယာ အီရန်နိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း နောက်ဆုံးအဆင့် နားလည်မှုရရှိရန်အတွက် “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ပါကစ္စတန်စစ်တပ်ကလည်း အတည်ပြုထားသည်။ တူရကီ၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့ကလည်း ယခုဆွေးနွေးပွဲ တိုးတက်မှုအပေါ် ဝမ်း မြောက်မိကြောင်းနှင့် အဖက်ဖက်မှ သံတမန်ရေးရာ ဦးဆောင်မှုကို အရယူကာ သဘောတူညီချက်တစ်ခု ရရှိအောင် လုပ်ဆောင်ကြရန် တိုက်တွန်းထားကြသည်။

     အမေရိကန်နှင့် အစ္စရေးတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၂၈ ရက်နေ့က အီရန်နှင့် စစ်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်ပြီး၊ ဧပြီလနောက် ပိုင်း တိုက်ပွဲများမှာ အများအားဖြင့် ရပ်တန့်နေခဲ့သော်လည်း အမေရိကန်က အီရန်၏ ဆိပ်ကမ်းများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး၊ အီရန်ဘက်ကလည်း ဟော်မုဇ်ရေလက်ကြားကို လက် တွေ့ကျကျ ပိတ်ဆို့ထားဆဲ ဖြစ်သည်။

     တီဟီရန် တာဝန်ရှိသူများကမူ အမေရိကန်နှင့် ဆွေးနွေးညှိ နှိုင်းမှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ပြီး၊ ယခင်နျူကလီး ယားဆွေးနွေးပွဲများ ပြုလုပ်စဉ်အတွင်း အမေရိကန်က အီရန်အပေါ် စစ်ရေးအရ နှစ်ကြိမ်တိုင်တိုင် တိုက် ခိုက်ခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။

     လက်ရှိတွင် သဘောတူညီချက်ရရှိရန် အဓိက အကျပ် ရိုက်နေသည့် အချက်များမှာ အီရန်၏ နျူကလီးယားအစီအစဉ် အနာဂတ်၊ ဟော်မုဇ်ရေလက်ကြားအပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှု၊ ဒေသတွင်း၌ အမေရိကန်စစ်တပ် ဆက် လက်အခြေစိုက်မည့် အခြေအနေနှင့် အီရန်၏ အေးခဲထားသော ရန်ပုံငွေများကို ပြန်လည်ရယူနိုင်ခွင့်တို့ ဖြစ်ကြသည်။

     သမ္မတ ထရန့်သည် တစ်ဖက်တွင် အီရန်အား စစ်ရေးအရ အရှိန်မြှင့်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်လိုက်၊ အခြားတစ် ဖက်တွင်မူ သဘောတူညီချက်ရရန် နီးစပ်နေပြီဟု ပြောကြား လိုက်ဖြင့် စစ်ရေးနှင့် သံတမန်ရေးရာ ကတ်နှစ်ချပ်ကို အလှည့် ကျ ကစားလျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN