ထိုင်းနိုင်ငံ၌ ယာဉ်စည်းကမ်း ဒဏ်ကြေးပေးဆောင်ရန် Message ပေးပို့လိမ်လည်မှုများ ဖြစ်ပေါ်နေသဖြင့် လင့်ခ်များနှင့် QR Code များအား မနှိပ်ကြရန် အစိုးရ သတိပေး

(နိုင်ငံတကာ) စက်တင်ဘာ ၁၅

ထိုင်းနိုင်ငံအတွင်း မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် ယာဉ်စည်းကမ်း ချိုးဖောက်မှု ဒဏ်ကြေးငွေများ ပေးဆောင်ရန် ကျန်ရှိနေကြောင်း စာတို (SMS) ပေးပို့ကာ လိမ်လည်နေမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် မသင်္ကာဖွယ် လင့်ခ်များနှင့် QR Code များကို လုံးဝ စကန်ဖတ်ခြင်း၊ နှိပ်ကြည့်ခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက သတိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါ SMS စာတိုများသည် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနှင့် ဘဏ်အကောင့် အသေးစိတ်များကို ခိုးယူရန် ရည်ရွယ်သည့် အွန်လိုင်း ငွေလိမ်လည်မှု (Scam) သာ ဖြစ်ကြောင်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ploythalay Laksameesaengjan က ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ လိမ်လည်သူများသည် ထိုင်းဘုရင့်ရဲတပ်ဖွဲ့ (RTP) ထံမှ ပေးပို့သည့် ပုံစံမျိုးဖြင့် ပေးဆောင်ရန်ကျန်သည့် e-ticket ဒဏ်ကြေးများ ရှိသည်ဟု အကြောင်းပြကာ ဝဘ်ဆိုက်တု လင့်ခ်များကို ပေးပို့လေ့ရှိကြသည်။ အဆိုပါ ဝဘ်ဆိုက်အတုများတွင် ယာဉ်အမှတ်၊ ဒဏ်ကြေးနံပါတ်နှင့် ကျသင့်ပမာဏများကို အမှန်တကယ် ပုံစံမျိုး ဖန်တီးထားပြီး နောက်ပိုင်းတွင် ခရက်ဒစ် သို့မဟုတ် ဒက်ဘစ်ကတ် အချက်အလက်များကို ရိုက်ထည့်ခိုင်းကာ ချက်ချင်း ဒဏ်ငွေ မပေးဆောင်ပါက ဥပဒေအရ အရေးယူမည်ဟု ဖိအားပေး ခြိမ်းခြောက်သည့် စာများပါ ထည့်သွင်းထားကြောင်း သိရသည်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူက ရဲတပ်ဖွဲ့အနေဖြင့် SMS စာတိုများ၊ လင့်ခ်များ သို့မဟုတ် QR Code များမှတစ်ဆင့် ဒဏ်ကြေးငွေ တောင်းခံခြင်း လုံးဝ ဆောင်ရွက်ခြင်း မရှိကြောင်း အတိအလင်း ငြင်းဆိုထားသည်။

သို့ဖြစ်ပါ၍ ထိုင်းနိုင်ငံအတွင်းရှိ ယာဉ်မောင်းများအနေဖြင့် မိမိတို့၏ ဒဏ်ကြေးကျန်များ ရှိ၊ မရှိ စိစစ်ရန်နှင့် ပေးဆောင်ရန်အတွက် အစိုးရ၏ Thang Rath Application၊ Police Care Application နှင့် တရားဝင် ဝဘ်ဆိုက်ဖြစ်သော ptm.police.go.th/eTicket တို့မှတစ်ဆင့်သာ သွားရောက် ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။