(ပြည်တွင်း) ဧပြီ ၇
တတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ တတိယနေ့ကို ဧပြီလ ၇ ရက်နေ့ ယနေ့ နံနပ် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြု တင်ပြသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းတွင် အောက်ပါဝန်ကြီးဌာန(၂)ခုအား တိုးချဲ့ဖွဲ့စည်းသင့်ပါကြောင်း အကြံပြုတင်ပြဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
ယနေ့ အစည်းအဝးတွင် ဒလမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်မှ တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အား တိုးချဲ့ဖွဲ့စည်းသင့်ပါကြောင်း အကြံပြုတင်ပြသည်။
အကြံပြုဆွေးနွေးမှုအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ “မင်္ဂလာပါခင်ဗျာ။ ရဲနောက် အဖွဲ့တစ် လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီး နှင့် နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပေးပို့အပ်ပါ တယ်ခင်ဗျာ။ ကျွန်တော်ကတော့ ဒလမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မြင့်ဖြစ်ပါတယ်ခင်ဗျာ။ နိုင်ငံတော်သမ္မတကြီးမှပေးပို့ထားသည့် ပြည်ထောင်စု ဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စု ဝန်ကြီးဌာန ဦးရေ၊ သတ်မှတ်ခြင်းအပေါ် ထောက်ခံတင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ယခင်ကမရှိခဲ့ဘူးသေးတဲ့ အမျိုးသမီးရေးရာဝန်ကြီးဌာန နှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပါဝင်လာမှုအတွက် အထူးပင်ဝမ်းမြောက် ကြိုဆိုထောက်ခံအပ်ပါတယ်ခင်ဗျာ။တတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေး တတိယနေ့အစီအစဉ် (၁၀) တွင် ပါရှိသည့် နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြသော ပြည်ထောင်စု ဝန်ကြီးဌာနအရေအတွက်၊ အမည်နှင့် ပြည်ထောင်စု ဝန်ကြီးဦးရေသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ အနည်းငယ်အကြံပြုတင်ပြ လိုပါတယ်ခင်ဗျာ။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၁) (MICC-1) မှာ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ် (FORUM ON THE DAWN OF A NEW STATE) အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးက လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် မှာ ကျေးလက်နေပြည်သူများဖြစ်ပြီး တောင်သူလယ်သမား အများစုဖြစ်ပါတယ်။
ဒါကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက် ပစ္စည်းများကို ကုန်ကြမ်းအဖြစ်မှ တန်ဖိုးမြင့် ၃ ကုန်ချောပစ္စည်းလုပ်ငန်း ဆောင်ရွက်ရန်၊ Agro-base Industries ကို ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေဖို့ အတွက် ဝါ၊ ဝါးနှင့် ရော်ဘာ စသည့် စက်မှုကုန်ကြမ်း ပစ္စည်းများအား ထုတ်လုပ်နိုင်ရန်၊ ဆန်၊ စပါး၊ ပဲ၊ နှမ်း တို့ အား လျာထားချက် ပြည့်မီကျော်လွန်အောင် စိုက်ပျိုး ထုတ်လုပ်နိုင်ရန်နှင့် ဆန်စပါးကိုလည်း ပြည်ပသို့ အဆင့်မီ တင်ပို့ရောင်းချနိုင်ရေးအတွက် တောင်သူလယ်သမားများ၏ လိုအပ်ချက်ပါေကြာင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။
ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ အရ ပြည်ထောင်စုလွှတ်တော်သည် ဇယား ၁ တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုခွင့်ရှိသဖြင့် ပြည်ထောင်စုဥပဒေပြု စာရင်း အပိုဒ် ၅ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ အပိုဒ်ခွဲ (င)၊ (ဇ)၊ (ည) တို့တွင်ပါရှိသည့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ စက်မှုလယ်ယာ ၄ အဖြစ် တိုးမြှင့်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေး ထုတ်လုပ်ရေးလုပ်ငန်းများနှင့် တောင်သူ လယ်သမားအခွင့်အရေးများအတွက် ပြည်ထောင်စုဥပဒေ ပြုစာရင်းတွင် ဖော်ပြထားပါတယ်။
ဒါကြောင့် တောင်သူ လယ်သမားများအတွက် လုံလောက်သော စိုက်ပျိုးစရိတ် ချေးငွေထုတ်ပေးခြင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း ၄ ချက် နှင့်အညီ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဖြူးခြင်း၊ တောင်သူလယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရေး ဆောင်ရွက်နိုင်ရေး တို့အတွက် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အား တိုးချဲ့ ဖွဲ့စည်းသင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါတယ်။
နိုင်ငံတော်သမ္မတကြီးက အဆိုပြုတင်ပြထားသော ပြည်ထောင်စုဝန်ကြီးဌာန အမည်စာရင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပါရှိပြီး ဖြစ်သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များ များပြားသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ယခုကဲ့သို့ တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အား တိုးချဲ့ဖွဲ့စည်းသင့်ပါကြောင်း အကြံပြုတင်ပြခြင်း ဖြစ်ပါ တယ်ခင်ဗျာ။
ေလးစားအပ်ပါသော နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ ဆက်လက်ပြီး တင်ပြဆွေးနွေးလိုတာကတော့ ပြည်ထောင်စုဝန်ကြီးဌာနအရေအတွက် အမည်နှငိ့် ပြည်ထောင်စုဝန်ကြီးသတ်မှတ်ခြင်းနှင့်စပ်လျဉ်းပြီး ဒုတိယအချက်အဖြစ် အကြံပြုတင်ပြလိုခြင်းဖြစ်ပါတယ်။
ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည် အနက် ထက်ဝက်နီးပါးသည် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေး မရှိကြပါ။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်္ကာပူ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့တွင် ကိုယ်ပိုင်စာပေနှင့် ယဉ်ကျေးမှုမရှိကြပါ။ထို့အတူ အချို့သောနိုင်ငံများတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုမရှိခြင်းနှင့် ပျောက်ဆုံးသွားသော နိုင်ငံ များလည်းရှိပါတယ်။ မြန်မာနိုင်ငံတွင် သရေခေတ္တရာခေတ်ကပင် ကိုယ်ပိုင်စာပေနှင့်ယဉ်ကျေးမှုရှိခဲ့ပါတယ်။
ဟန်လင်းခေတ်တွင်လည်း စာပေနှင့်ယဉ်ကျေးမှုထွန်းကားနေပြီဖြစ်ကြောင်း ကျောက်စာများက သက်သေပင်ဖြစ်ပါတယ်။ပုဂံခေတ် ၃ ရာဇကုမာရကျောက်စာတွင် မြန်မာ၊ ပျူ၊ မွန်၊ ပါဠိ (၄) ဘာသာ ရေးထိုးထားခြင်းဖြင့် ပုဂံခေတ်မတိုင်မီကပင် မြန်မာလူမျိုးတို့တွင် ကိုယ်ပိုင်စာပေနှင့်ယဉ်ကျေးမှု ထွန်းကားနေပြီဖြစ် ကြောင်း ခိုင်မာသည့် သက်သေပင် ဖြစ်ပါတယ်။
ထိုသည်အနက်ပျူဆိုသည်မှ ရှေးဦးမြန်မာလူမျိုးများပင် ဖြစ်ကြောင်း သမိုင်းအထောက်အထားများက ဖော်ပြလျက် ရှိပါတယ်။ ထိုသို့ သမိုင်းအထောက်အထားများကို ဖော်ပြသည့် ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုရှိသင့်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ။
ဒါ့အပြင်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ အရ ပြည်ထောင်စုလွှတ်တော်သည် ဇယား တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုခွင့်ရှိသဖြင့် ပြည်ထောင်စုဥပဒေပြု စာရင်း အပိုဒ် ၉ လူမှုရေးကဏ္ဍ၊ အပိုဒ်ခွဲ (ဓ) (၁) တွင် ပြည်ထောင်စုက စီမံခန့်ခွဲသည့် ရှေးဟောင်းယဉ်ကျေးမှု သို့မဟုတ် သမိုင်းဝင်ဒေသများ အဆောက်အအုံများ၊ အထိမ်းအမှတ်များ၊ မှတ်တမ်းများ၊ ကျောက်စာများ၊ မင်စာများ၊ ပေပုရပိုက်များ၊ လက်ရေးစာများ၊ လက်ရာများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ရှေးဟောင်းသုတေသနလုပ်ငန်းများ၊ အပိုဒ်ခွဲ (ဓ) (၂) တွင် ပြတိုက်များ၊ စာကြည့်တိုက်များ ဟု ဖော်ပြထားရှိပါသဖြင့် တင်ပြပါယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ် များကို ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအား ပေါင်းစပ်ဖွဲ့စည်းမည့်အစား ဟိုတယ် ခရီးသွားလာရေးဝန်ကြီးဌာန တစ်ခုနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန တစ်ခုအဖြစ်သီးခြားစီ ဖွဲ့စည်းသင့်ပါကြောင်း လေးစားစွာဖြင့် အကြံပြုတင်ပြအပ်ပါတယ်ခင်ဗျာ။

#PAN