ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့ အစည်းအဝေး ကျင်းပ

(ပြည်တွင်း) ဧပြီ ၂

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယသမ္မတရွေးချယ်ရေးနှင့် ဆက်စပ်သော လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကမှ အစည်းအဝေး အထမြောက်ကြောင်း ကြေညာကာ ဒုတိယနေ့ အစီအစဉ်များကိုစတင်ခဲ့ပြီး မတက်ရောက်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုကို အတည်ပြု မှတ်တမ်းတင်ခဲ့သည်။

ယနေ့အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကော်မတီများ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ကိုယ်စားလှယ်များမှ ရှင်းလင်းတင်ပြခဲ့ကြပြီး နာယကမှလည်း ကော်မတီအသီးသီးတွင် ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်စာရင်းများကို တင်ပြခဲ့သည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့များမှ တင်ပြထားသည့် ဒုတိယသမ္မတများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရန် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ မရှိကို စိစစ်ရေးအဖွဲ့၏ တွေ့ရှိချက်များကိုလည်း နာယကမှ လွှတ်တော်သို့ တင်ပြခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခဲ့ပြီး လျှို့ဝှက်ဆန္ဒမဲဖြင့် မဲပေးရွေးချယ်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း ကြိုတင်ရှင်းလင်းတင်ပြခဲ့ပြီး ဒုတိယနေ့ အစည်းအဝေးကို အစီအစဉ်များပြီးဆုံးခဲ့သည်။

#PAN