
(ကျန်းမာရေး) မတ် ၁၇
၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ၊ ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဗဟိုအဆင့် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို မတ် ၁၇ ရက်တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ၂၀၂၅ ခုနှစ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ကာကွယ်ဆေးလွှမ်းခြုံမှုအခြေအနေများနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်၍ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျန်းမာရေးတာဝန်ခံများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်လျက်ရှိသော အဖွဲ့ခေါင်းဆောင်များ၊ EPI တာဝန်ခံများနှင့် အအေးလမ်းကြောင်းတာဝန်ခံများအပြင် WHO၊ UNICEF နှင့် CHAI အဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗဟိုအဆင့် နှစ်ပတ်လည်လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန် လုပ်ငန်းစဉ်များ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။