စက်သုံးဆီတန်းစီဝယ်ယူမှု လျော့ချရန် QR Code စနစ် အသုံးပြုစမ်းသပ်မည်

(ပြည်တွင်း) မတ် ၁၁

စက်သုံးဆီများ မပြတ်လပ်စေရန်နှင့် အမှန်တကယ်လိုအပ်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်စေရန် ရည်ရွယ်ပြီး စက်သုံးဆီအရောင်းဆိုင်များတွင် တစ်ရက်အတွင်း အကြိမ်ကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် တယ်လီဖုန်း Application အသုံးပြုသည့် စိစစ်ရောင်းချမှုစနစ်ကို စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစနစ်တွင် ယာဉ်ပိုင်ရှင်များအနေဖြင့် Application ဒေါင်းလုပ်လုပ်ခြင်း သို့မဟုတ် Registration ပြုလုပ်ခြင်း မလိုအပ်ဘဲ စက်သုံးဆီအရောင်းဆိုင်များမှသာ စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသော Barcode ကို ဆိုင်ဝန်ထမ်းများက Scan ဖတ်ကာ စနစ်မှ အလိုအလျောက်စစ်ဆေးပြီး ယာဉ်တစ်စီးသည် တစ်ရက်အတွင်း စက်သုံးဆီတစ်ကြိမ်သာ ဝယ်ယူနိုင်မည်ဖြစ်သည်။ အကယ်၍ တစ်ရက်အတွင်း ထပ်မံဝယ်ယူရန် Scan ဖတ်ပါက ယခင်ဝယ်ယူထားမှုကို စနစ်က ဖော်ပြပေးမည်ဖြစ်ပြီး ထိုနေ့အတွက် ဆီဝယ်ယူခွင့် မရရှိတော့ဘဲ နောက်တစ်ရက်မှသာ ထပ်မံဝယ်ယူနိုင်မည်ဖြစ်သည်။


မော်တော်ဆိုင်ကယ်များတွင် Barcode မပါရှိသည့်အတွက် ဆိုင်ဝန်ထမ်းများက Wheel Tax အချက်အလက်များကို Application တွင် ဖြည့်သွင်းကာ QR Code ထုတ်ပေးမည်ဖြစ်သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် ထို QR Code ကို ဖုန်းဖြင့် ဓာတ်ပုံရိုက်ထားခြင်း သို့မဟုတ် Print ထုတ်ထားခြင်းဖြင့် သိမ်းဆည်းထားပြီး စက်သုံးဆီဝယ်ယူရာတွင် ပြသ၍ ဝယ်ယူနိုင်မည်ဖြစ်သည်။


ထို့အပြင် ယာဉ်အသုံးပြုခွင့် သတ်မှတ်ထားသည့်ရက်များနှင့် ကိုက်ညီမှုရှိမရှိကိုလည်း တစ်ပါတည်း စစ်ဆေးသွားမည်ဖြစ်သဖြင့် မိမိယာဉ် အသုံးပြုခွင့်ရှိသည့်နေ့များတွင်သာ စက်သုံးဆီ ဝယ်ယူခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါစနစ်ကို မတ်လ ၁၂ ရက် ၂၀၂၆ ခုနှစ်မှစတင်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် စမ်းသပ်အသုံးပြုသွားမည် ဖြစ်ပြီး စနစ်ကို လိုအပ်သလို ပြင်ဆင်စစ်ဆေးပြီးနောက် အခြားမြို့ကြီးများတွင်လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီတင်သွင်းမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းစဉ်များကို Online Monitoring Center မှတစ်ဆင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိပြီး ပြည်တွင်းစက်သုံးဆီဖူလုံမှု ရှိစေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

#PAN